စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်က လွတ်တော်ကိုယ်စားလှယ် တယောက်ရဲ့ နေအိမ်။ သပိတ်ဦးဆောင်သူတယောက်ရဲ့ နေအိမ်နဲ့ စီးပွားရေးလုပ်ငန်းတွေကို အောက်တိုဘာ ၂၈ ရက်က စစ်တပ် အင်အား ၃၀ လောက်နဲ့ လာရောက်ပြီး ချိပ်ပိတ်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အရာတော်မြို့နယ်၊ ပိတောက်မြိုင်ရပ်ကွက်က ဦးသန်းရွှေရဲ့ နေအိမ်နဲ့ ဈေးတွင်းက ကုန်စုံဆိုင်ကို ပစ္စည်းတွေထုတ်ပြီး သေနတ်နဲ့ချိန်ပြောင်းရွှေ့ခိုင်းကာ ချိပ်ပိတ်ခဲ့သလို၊ NLD ပါတီ ရွေးကောက်ခံကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးဝဏ္ဏရဲ့ ပိတောက်မြိုင်ရပ်ကွက်က နေအိမ်ကိုလည်း စစ်တပ်က လာရောက်ချိပ်ပိတ်သွားခဲ့တယ်လို့ သိရပါတယ်။
“သပိတ်ကာလ တက်တက်ကြွကြွဦးဆောင်ခဲ့ပြီး အရာတော်မြို့မှာ ပထမဆုံး CDM လုပ်တဲ့ အရာတော်စည်ပင်မြို့တော်ဝန်ဟောင်းရယ်၊ ရွေးကောက်ခံကိုယ်စားလှယ်တစ်ဦးရယ်တော့ ချိပ်ပိတ်သွားပြီ။ တခြားကိုယ်စားလှယ်တစ်ဦးနဲ့ သပိတ်ခေါင်းဆောင်တစ်ဦးရဲ့ နေအိမ်တွေကိုလည်း ဆက်သွားတယ်လို့ သိရတယ်၊ အတည်ပြုလို့ကတော့ မရသေးဘူး” လို့ ဒေသခံက ပြောပါတယ်။
အောက်တိုဘာ ၂၅ ရက်ကစပြီး လွှတ်တော်ကိုယ်စားလှယ်၊ သပိတ်ဦးဆောင်သူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ နေအိမ်တွေကို PDF နဲ့ ဆက်သွယ်တယ်လို့ဆိုကာ စစ်ကောင်စီက ချိပ်ပိတ်ပြီး လိုက်လံ သိမ်းဆည်းနေတာ ဖြစ်ပါတယ်။