အရှေ့တောင်အာရှ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးကို အမေရိကန်ကာကွယ်မည်

အမေရိကန်ဟာ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ပင်လယ်ပြင်တွေ လွတ်လပ်ခွင့်ကို ကာကွယ်ရာမှာ အရှေ့တောင်အာရှ မဟာမိတ်တွေနဲ့အတူ ညီညီညွတ်ညွတ် ဆောင်ရွက်မယ်လို့ အောက်တိုဘာ ၂၇ ရက်မှာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ပြောလိုက်ပါတယ်။

အရှေ့တောင် အာရှနိုင်ငံများအသင်း အာဆီယံနဲ့ မိတ်ဖက် နိုင်ငံများ ထိပ်သီးညီလာခံ အတွင်း ခုလို ပြောလိုက်တာပါ။

ငြိမ်းချမ်းရေးအတွက် ပေးထားတဲ့ ကတိကို မြန်မာစစ်ကောင်စီက တာဝန်ခံစေဖို့ အားထုတ်နေတာတွေကိုလည်း သူက ကျောထောက်နောက်ခံပေးနေတယ်လို့ ဘိုင်ဒန်က ပြော ပါတယ်။

ငြိမ်းချမ်းရေး အဆိုပြုချက်တွေကို လျစ်လျူရှုနေတဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို မဖိတ်ဘဲ ကျင်းပနေတဲ့ အာဆီယံ နဲ့ မဟာမိတ်များ ထိပ်သီးညီလာခံမှာ အင်္ဂါနေ့က မြန်မာစစ်ကောင်စီတွေကို အာဆီယံ ခေါင်းဆောင်တွေနဲ့အတူ ဘိုင်ဒန်က ပြစ်တင်ခဲ့တာပါ။

ထိုင်ဝမ်ကျွန်းနဲ့ တရုတ်ပြည်မကြီးကြား ပိုင်းခြားထားတဲ့ ထိုင်ဝမ် ရေလက်ကြားတလျှောက် တရုတ်ပြည်မကြီးရဲ့ နိုင်ထက်စီးနင်း ရန်စတဲ့ လုပ်ရပ်တွေကို အမေရိကန်က နက်နက်ရှိုင်းရှိုင်း စိုးရိမ်တယ်လို့လည်း ဘိုင်ဒန်က ပြောပါတယ်။

ရှင်းကျန်း၊ တိဘက်နဲ့ ဟောင်ကောင်က လူ့အခွင့်အရေး တွေအတွက် ပြောပေးမယ်လို့လည်း ဘိုင်ဒန်က  ပြောပါတယ်။

တရုတ်ကတော့ နိုင်ငံအနောက်စွန်းပိုင်းက ရှင်းကျန်းနဲ့ တိဘက်ဒေသတွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ငြင်းပါတယ်။

ဗြိတိန် ကိုလိုနီဟောင်း ဟောင်ကောင်ရဲ့ လွတ်လပ်ခွင့်တွေကို စွက်ဖက်နေတယ်ဆိုတဲ့ စွဲချက်ကိုလည်း တရုတ် အစိုးရက ငြင်းခဲ့ပါတယ်။

More News
Up