Home
ဆောင်းပါး
အနော်ရထာတွေကို တော်လှန်ကြ
DVB
·
October 28, 2021

(က)

မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ ဖက်ဆစ်စစ်တပ်က နွေဦးတော်လှန်ရေးအင်အားစုတွေကို ချေမှုန်းရန်အတွက် “အနော်ရထာစစ်ဆင်ရေး” ဆိုတဲ့ အမည်နဲ့ စစ်ဆင်ရေးကြီးတစ်ခု ဆင်နွှဲတော့မယ်လို့ ကြားသိရပါတယ်။ စက်တင်ဘာလက စပြီး စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက ပခုက္ကူ၊ မုံရွာ၊ ကလေး စစ်ဌာနချုပ်တွေကို ဗဟိုပြုပြီး အနောက်ဘက် ချင်းတောင်တန်းဒေသနဲ့ မြောက်ပိုင်း ကချင်ပြည်နယ်၊ အနောက်တောင်ပိုင်းက ရခိုင်နဲ့ ဘင်္ဂလားပင်လယ်အော်အကြား ဗျူဟာမြောက်ဒေသတွေကို စိုးမိုးနိုင်ဖို့၊ လက်နက်ကိုင် ပုန်ကန်မှုတွေကို နှိမ်နှင်းဖို့ လက်နက်အင်အား၊ လူအင်အား စုဆောင်းပြင်ဆင်နေခဲ့တယ်လို့ ကြားသိရပါတယ်။ ဒါ့အပြင် အဲဒီ စစ်ဆင်ရေးကြီးကို  ဒုဗိုလ်ချုပ်ကြီး ၂ ဦးက ဦးဆောင်ကွပ်ကဲကြမယ်လို့လည်း ကြားသိရပါတယ်။ 

ဖက်ဆစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ရဲ့ အဓမ္ဓအာဏာသိမ်းပိုက်မှုကို မအောင်မြင်စေတဲ့ နွေဦးတော်လှန်ရေးကြီးတစ်ခုလုံးကို ချေမှုန်းအနိုင်ယူချင်တာ အံ့ဩစရာမရှိပါ။ စစ်အာဏာရှင်စနစ်ကြီးတစ်ခုလုံးကို အမြစ်ပြတ်ချေမှုန်းပြီး မြန်မာပြည်ရဲ့ နိုင်ငံရေးနယ်ပယ်မှာ စစ်တပ်ရဲ့ ပါဝင်မှုကို အပြီးတိုင်ဖယ်ရှားဖို့ ဆုံးဖြတ်ထားတဲ့ နွေဦးတော်လှန်ရေးအင်အားစုများကလည်း ဒီ အနော်ရထာစစ်ဆင်ရေးကို ဆန့်ကျင်တိုက်ခိုက် အနိုင်ယူကြပါလိမ့်မယ်။ အနော်ရထာစစ်ဆင်ရေးကို ချေမှုန်းနိုင်ကြပါလိမ့်မယ်။ ဒါတင်မက မြန်မာစစ်ခေါင်းဆောင်အဆက်ဆက်က နှစ်နှစ်ခြိုက်ခြိုက် အမွေဆက်ခံထားတဲ့ အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရားဦးအောင်ဇေယျ စတဲ့ မြန်မာစစ်ဘုရင်တွေရဲ့ စစ်ပဒေသရာဇ်ဝါဒကိုပါ အပြီးတိုင် ချေမှုန်းနိုင်ကြလိမ့်မယ်လို့လည်း မျှော်လင့်မိပါတယ်။

(ခ)

ကွယ်လွန်သွားပြီဖြစ်တဲ့ မြန်မာ့သမိုင်းပညာရှင်ကြီး ဆရာကြီး ဒေါက်တာသန်းထွန်းက ပြောခဲ့ဖူးပါတယ်။ သမိုင်းကို သင်ယူတယ်ဆိုတာ "မအ" အောင်လို့တဲ့။ ဒါပေမယ့် စစ်အာဏာရှင်အဆက်ဆက် စိုးမိုးအုပ်ချုပ်ခဲ့တဲ့၊ စိုးမိုးအုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံမှာ ကျနော်တို့ ငယ်ငယ်ကလေးတည်းကနေ အခုအချိန်အထိ မြန်မာကျောင်းသားလေးတွေ သင်ယူလေ့လာစာမေးပွဲဖြေနေရတဲ့ သမိုင်းကတော့ လူငယ်မျိုးဆက်ပေါင်းများစွာကို ရည်ရွယ်ချက်ရှိရှိ "အ" စေခဲ့ပါတယ်။ 

အဲဒီ သမိုင်းသင်ခန်းစာတွေမှာ ဗမာလူမျိုးကြီးဝါဒနဲ့ ဗမာစစ်ဘုရင်ဝါဒတွေကို အမွှန်းတင်ထားတာများပြီး လက်နက်အင်အားနဲ့ သိမ်းသွင်းတည်ဆောက်ခဲ့တဲ့ အင်ပါယာကြီးတွေကို ပြည်ထောင်စုအဖြစ် လိမ်လည်ဖန်တီးဖော်ပြထားပါတယ်။ ကိုယ့်ထီးကိုယ့်နန်း၊ ကိုယ်ပိုင်အုပ်ချုပ်ခဲ့ကြတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေကို ဗမာဘုရင်ရဲ့ လက်အောက်ခံ၊ အစောင့်ရှောက်ခံ လူနည်းစုများအဖြစ် ဖန်တီးထားပါတယ်။ ပြီးတော့ မြန်မာနိုင်ငံကို အင်္ဂလိပ်နဲ့ ဂျပန်လက်အောက်ကနေ၊ လွတ်လပ်ရေးရပြီး ပါလီမန်ခေတ်မှာလည်း ချောက်ကမ်းပါးကြီးထဲ ကျရောက်ခါနီး အခြေအနေကနေ  မြန်မာတပ်မတော်က ကယ်တင်ပေးခဲ့တယ်ဆိုတဲ့ ဇာတ်လမ်းအတုကြီးကို ဖန်တီးရေးသား သင်ကြားပါသေးတယ်။

အဲဒီလို သမိုင်းသင်ခန်းစာထဲမှာ ဗမာစစ်ဘုရင်ဝါဒကို ဂုဏ်ပြုချီးကျူးရုံတင်မကပါဘူး။ စာသင်ခန်းထဲမှာ ကျောင်းသားလေးတွေကို အသင်း ၄ သင်းဖွဲ့ပြီး ပြိုင်ဆိုင်လှုပ်ရှားခိုင်းတဲ့အခါမှာလည်း ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား၊ ဗန္ဓုလစတဲ့ စစ်ခေါင်းဆောင်တွေရဲ့ အမည်တွေနဲ့ အသင်းတွေ ဖွဲ့စည်းပေးခဲ့ပါသေးတယ်။ ဒီမြန်မာစစ်ဘုရင်တွေအကြောင်းကို တခမ်းတနားဖွဲ့နွဲ့ရေးသားတဲ့ ကာတွန်းတွေ၊ ရုပ်ပြတွေ၊ ဝတ္ထုဇာတ်လမ်းတွေ၊ သီချင်းတွေ၊ စင်တင်ပြဇာတ်တွေ၊ ရုပ်ရှင်တွေကပဲ မြန်မာနိုင်ငံရဲ့ ဖျော်ဖြေရေးအနုပညာတွေမှာ အကြီးအကျယ်လွှမ်းမိုးခဲ့ကြပါသေးတယ်။ ကြီးပြင်းလာလို့ ဘွဲ့ရပြီး ဝန်ထမ်းဘဝနဲ့ ဗဟိုဝန်ထမ်းလေ့ကျင့်ရေးကျောင်းတွေ တက်တော့လည်း ဒီအသင်းတွေထဲမှာပဲ ပါဝင်ခဲ့ကြရပါတယ်။ 

အဲဒီလို ကလေးဘဝကတည်းက အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရား ဆိုတဲ့ စစ်ဘုရင်တွေကို ပထမ၊ ဒုတိယ၊ တတိယ မြန်မာနိုင်ငံတော်ကြီးများကို တည်ထောင်ခဲ့ကြတဲ့ မင်းတရားကြီးများအဖြစ် လေးစားကြည်ညိုအထင်ကြီးတတ်အောင် သင်ကြားပေးခဲ့တာမို့ ကျနော်တို့ အများစုရဲ့ လူငယ်ဘဝမှာ တိုင်းရင်းသားလူမျိုးစုများရဲ့ စစ်မှန်တဲ့အခန်းကဏ္ဍ၊ တိုင်းရင်းသားလူမျိုးစုများရဲ့ ကိုယ်ပိုင်အခွင့်အရေးတွေ၊ ဗမာဘုရင်ရဲ့ လက်နက်ကိုင်ကျူးကျော်မှုကြောင့် သူတို့ရဲ့ လွတ်လပ်မှုနဲ့ အချုပ်အခြာအာဏာ ဆုံးရှုံးရတာတွေ၊ ဖက်ဒရယ်ပြည်ထောင်စုရဲ့ စစ်မှန်တဲ့ သဘာဝတွေကို နားမလည်ခဲ့ကြပဲ ဗမာလူမျိုးကြီးဝါဒကို မသိစိတ်နဲ့ဖြစ်စေ၊ သိစိတ်နဲ့ဖြစ်စေ လက်ခံဂုဏ်ယူခဲ့ကြပါတယ်။ ဗမာစစ်ဘုရင်ဝါဒကို ကြည်ညိုလေးစားခဲ့ကြပါတယ်။ 

အဲဒီ အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရားဆိုတဲ့ အတိတ်က စစ်ဘုရင်ကြီး ၃ ပါးဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ လက်ထက်မှာ နေပြည်တော် စစ်ရေးပြကွင်းကြီးထဲကို ရုပ်တုကြီးများအဖြစ်နဲ့ ရောက်ရှိပြီး မင်းအောင်လှိုင်အပါအဝင် ဖက်ဆစ်တပ်သားတွေရဲ့ ပူဇော်ဦးခိုက်မှုတွေကို မိန့်မိန့်ကြီးခံယူနေကြပါတော့တယ်။ 

(ဂ)

အေဒီ ၁၀၄၄-၁၀၇၇ အထိ ၃၃ နှစ်တိုင်အောင် ပုဂံပြည်မှာ စိုးစံခဲ့တဲ့ အနော်ရထာမင်းကြီးကို ပထမမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်သူအဖြစ် အသိအမှတ်ပြုကြပါတယ်။ အနော်ရထာမင်း ထီးနန်းစံတဲ့အချိန်မှာ ပုဂံကို ဗဟိုပြုထားတဲ့ မြန်မာနိုင်ငံရဲ့အကျယ်အဝန်းဟာ ဒီကနေ့ လက်ရှိမြေပုံနဲ့ပြောမယ်ဆိုရင် မန္တလေး၊ မြင်းခြံ၊ ကျောက်ဆည်၊ ရမည်းသင်း၊ မိထ္ထီလာ၊ မကွေး၊ စစ်ကိုင်း၊ ကသာ၊ ပခုက္ကူ၊ မင်းဘူး တစ်ဝိုက်လောက်ပဲ ရှိလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။ သူ့ရဲ့ နန်းစံသက်တမ်းအတွင်းမှာ မြန်မာနိုင်ငံရဲ့ မြေပုံကို ရှမ်းပြည်၊ ရခိုင်ပြည်၊ သထုံ မွန်ဒေသ၊ ဗန်းမော်၊ မြစ်ကြီးနား၊ မြောက်ပိုင်းဒေသများအထိ ချဲ့ထွင်နိုင်ခဲ့ပါတယ်။ ချဲ့ထွင်တယ်ဆိုတာလည်း လက်နက်အားကိုးနဲ့ တိုက်ခိုက်အနိုင်ယူပြီး လက်အောက်ခံအဖြစ် သိမ်းသွင်းတာပါ။ 

မြန်မာ့သမိုင်းစာအုပ်တွေမှာ ဘုရင့်နောင်မင်းတရားကြီး (အေဒီ ၁၅၁၆-၁၅၈၁) ကို ဟံသာဝတီဘုရင် တပင်ရွှေထီး အစပျိုးခဲ့တဲ့ ဒုတိယမြန်မာနိုင်ငံတော်ကို ပြည့်စုံအောင် ဆက်လက်တည်ထောင်သူအဖြစ် အသိအမှတ်ပြုကြပါတယ်။ သူ့လက်ထက်မှာ တောင်ငူ၊ ပြည်၊ အင်းဝ၊ စစ်ကိုင်း၊ ပုသိမ်၊ မုတ္တမ၊ မွန်ဒေသများ၊ ရှမ်းပြည်၊ ထိုင်းနိုင်ငံ ဇင်းမယ်၊ အယုဒ္ဓယနဲ့ မဏိပူရကသည်းဒေသများအထိ အာဏာစက် သက်ရောက်ခဲ့ပါတယ်။ ဘုရင့်နောင်ရဲ့ စစ်တပ်ကြီးဟာ အချိန်နဲ့အမျှ တခြားဒေသပေါင်းစုံကို ကျူးကျော်တိုက်ခိုက်နေရလို့ အနားရတယ်သိပ်မရှိလှပေမယ့် ဘုရင့်နောင်ကိုတော့ အရှေ့တောင်အာရှဒေသအတွင်း တိုင်းနိုင်ငံများက လေးစားကြောက်ရွံ့ခဲ့ရတယ်လို့ ဆိုပါတယ်။

၁၇၅၂ ခုနှစ်ကနေ ၁၈၈၅ ခုနှစ် ကြာမြင့်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ကုန်းဘောင်ခေတ်ကို တတိယမြန်မာနိုင်ငံတော်အဖြစ် သမိုင်းတင်ကြပြီး ကုန်းဘောင်မင်းဆက်ကို စတင်တည်ထောင်တဲ့ အလောင်းဘုရား ဦးအောင်ဇေယျကို တတိယမြန်မာနိုင်ငံတော် တည်ထောင်သူအဖြစ် အသိအမှတ်ပြုကြပါတယ်။ ဦးအောင်ဇေယျလက်ထက်မှာ ရွှေဘိုမြို့က စတည်ခဲ့တဲ့ နိုင်ငံဟာ အင်းဝ အပါအဝင် ဗန်းမော်၊ မိုးကုတ်၊ မိုးညှင်း၊မိုးကောင်း၊ ပြည် စတဲ့ အထက်ပိုင်းဒေသများအားလုံးအထိ ကျယ်ပြန့်ခဲ့ပါတယ်။ အောက်ပြည်မှာ မွန်ဒေသ (ရန်ကုန်၊ ပဲခူး၊ သံလျင်) ကို အောင်နိုင်ပြီး ပင်လယ်ထွက်ပေါက်ရရှိခဲ့ပါတယ်။ ရခိုင်နိုင်ငံကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ ထိုင်းနိုင်ငံကို အကြိမ်ကြိမ် ကျူးကျော်တိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ်။ ရှမ်းစော်ဘွားတွေကို သစ္စာခံစေနိုင်ခဲ့ပါတယ်။ မဏိပူရကသည်းပြည်ကို တိုက်ခိုက်အနိုင်ယူခဲ့ပါတယ်။ ယိုးဒယားနိုင်ငံကို ကျူးကျော်တိုက်ခိုက်တဲ့ စစ်လမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ တနင်္သာရီ၊ မြိတ်ဒေသတွေကိုလည်း အနိုင်ရခဲ့ပါတယ်။

(ဃ)

ဒီစစ်ဘုရင်ကြီးတွေဟာ မြန်မာ့သမိုင်းမှာတော့ အင်မတန်အားကောင်းတဲ့ စစ်တပ်ကြီးတွေကို ပိုင်ဆိုင်ပြီး အင်မတန်ကျယ်ပြန့်တဲ့ နေရာဒေသတွေကို သိမ်းပိုက်ချဲ့ထွင်နိုင်ခဲ့တဲ့ အင်မတန်ထင်ရှားတဲ့၊ အင်မတန်ခမ်းနားကြီးကျယ်တဲ့ သူရဲကောင်းကြီးတွေပေါ့။ ဒါပေမဲ့ သူတို့ရဲ့ နယ်ချဲ့မှု၊ ကျူးကျော်မှု၊ တိုက်ခိုက်ဖျက်ဆီးမှုတွေကို ခံစားခဲ့ကြရတဲ့ ပြည်သူတွေ၊ နိုင်ငံတွေ၊ လူမျိုးစုတွေအတွက်တော့ သူတို့ဟာ လူသတ်သမားတွေပါ။ လူသားမျိုးနွယ်စုတွေကို သတ်ဖြတ်ချေမှုန်းခဲ့တဲ့ စစ်ရာဇဝတ်ကောင်တွေပါ။ သူတို့ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို သူတို့ ပြုခဲ့တယ်ဆိုတဲ့ ကောင်းမှုတွေနဲ့ နှိုင်းယှဉ်လို့ မရနိုင်ပါ။ 

အနော်ရထာမင်းကြီးကို မြန်မာနိုင်ငံမှာ ထေရဝါဒ ဗုဒ္ဓဘာသာ ခိုင်မာပျံ့ပွားအောင် သာသနာပြုခဲ့သူလို့ ချီးမွန်းတတ်ကြပါတယ်။ ဒါပေမယ့် သူ တိုက်ခိုက်ဖျက်ဆီးခဲ့တဲ့ သထုံဒေသ မွန်တိုင်းရင်းသားတွေအတွက်ကတော့ သူဟာ လူသတ်စစ်ဘုရင်တစ်ပါးသာ ဖြစ်ပါတယ်။ ဘုရင့်နောင်မင်းကြီးကိုလည်း ၁၆ ရာစု အရှေ့တောင်အာရှသမိုင်းမှာ အကျော်ကြားဆုံး၊ ဘုန်းတန်ခိုးအကြီးမားဆုံး ဘုရင်ကြီးအဖြစ် သမိုင်းမှတ်တမ်း တင်ကြပါတယ်။ ဒါပေမယ့် သူ့ရဲ့ စစ်ချီရာလမ်းကြောင်းတလျှောက်မှာ ကြေမွပျက်သုဉ်းခဲ့ရတဲ့ မွန်တွေ၊ ရခိုင်တွေ၊ ရှမ်းတွေ၊ ယိုးဒယားတွေအတွက်ကတော့ သူဟာ လူသတ်သမားတို့ရဲ့ ခေါင်းဆောင်ကြီးပါ။ အလောင်းဘုရား ဦးအောင်ဇေယျကို မင်းကောင်းမင်းမြတ်တစ်ပါးအဖြစ် မြန်မာ့သမိုင်းမှာ မှတ်တမ်းတင်ခဲ့ကြပေမယ့် သူ့ရဲ့ လက်နက်နိုင်ငံတော်တည်ဆောက်မှုမှာ မြေဇာပင်ဖြစ်ခဲ့ကြရတဲ့ ပြည်သူတွေ၊ တိုင်းနိုင်ငံတွေအတွက်ကတော့ သူဟာ အမြဲတမ်း သွေးဆာနေတတ်တဲ့ စစ်ဘုရင်တစ်ပါးသာ ဖြစ်ပါလိမ့်မယ်။

လက်နက်အင်အား၊ စစ်အင်အားနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို အသုံးချပြီး ချဲ့ထွင်တည်ဆောက်သိမ်းသွင်းခဲ့တဲ့ သူတို့ရဲ့ လက်နက်နိုင်ငံကြီးတွေဟာလည်း ရေရှည်တည်တံ့ခိုင်မာခြင်း မရှိခဲ့ပါ။ မတရားတိုက်ခိုက်သိမ်းသွင်းခံရတဲ့ ဒေသတွေက သူတို့ရဲ့ လွတ်လပ်ရေးအတွက် အမြဲတစေ လက်နက်ကိုင် ပုန်ကန်ထကြွမှုတွေ ရှိနေခဲ့ပါတယ်။ နေပြည်တော်နဲ့ အလှမ်းဝေးလေလေ၊ အုပ်ချုပ်ဖို့ ခက်လေလေပါ။ ဘုရင်ကို သတ်ရင် ဘုရင်ဖြစ်တဲ့ ခေတ်မို့ သူတို့ရဲ့ နန်းတော်တွင်းမှာလည်း ထီးနန်းလုယူဖို့ ကြံစည်ကြသူတွေနဲ့ နန်းတွင်းအရှုပ်တော်ပုံတွေလည်း ရှိခဲ့ကြပါတယ်။ အုပ်ချုပ်ခံ ပြည်သူတွေကိုယ်တိုင်က အုပ်ချုပ်သူ မင်းအပေါ်မှာ အယုံအကြည်ကင်းမဲ့ပြီး ဆန့်ကျင်ပုန်ကန်ကြတာတွေလည်း ရှိပါတယ်။ သူတို့ထက် ပိုပြီး အားကြီးတဲ့ နိုင်ငံတွေက ရန်စကျူးကျော်တာတွေလည်း ရှိခဲ့ပါတယ်။ ဒီလိုနဲ့ပဲ သူတို့ တည်ထောင်ခဲ့တဲ့ လက်နက်နိုင်ငံတော်ကြီးတွေဟာ ပြည်တွင်းမငြိမ်မသက်မှုတွေ၊ ပုန်ကန်မှုတွေကြောင့် ဖြစ်စေ၊ ပိုပြီး စစ်အင်အားကောင်းတဲ့ နိုင်ငံကြီးတွေက ကျူးကျော်တိုက်ခိုက်လို့ ဖြစ်စေ ရေရှည်တည်တံ့ခြင်းမရှိပဲ ပြိုကွဲခဲ့ကြပါတယ်။

ဒီ စစ်ဘုရင်ကြီးတွေ တည်ဆောက်ခဲ့တဲ့ လက်နက်နိုင်ငံကြီးတွေဟာ ပြည်ထောင်စုတွေ မဟုတ်ကြပါ။ လက်နက်အင်အား၊ စစ်အင်အားကြီးမားတဲ့ နိုင်ငံကြီးက လက်နက်အင်အား၊ စစ်အင်အားနည်းပါးတဲ့ နိုင်ငံငယ်လေးတွေကို အကြမ်းဖက်တိုက်ခိုက်၍ဖြစ်စေ၊ ခြိမ်းခြောက်၍ဖြစ်စေ လက်အောက်ခံပြုတဲ့ တစ်ပြည်ထောင်စနစ်ပဲ ဖြစ်ပါတယ်။ ဒီလက်နက်နိုင်ငံကြီးတွေမှာ ပါဝင်ခဲ့ကြရတဲ့ နိုင်ငံငယ်လေးတွေ၊ လူမျိုးစုငယ်လေးတွေဟာ သူတို့ရဲ့ အလိုဆန္ဒနဲ့ ပါဝင်ခဲ့ကြတာမဟုတ်ပဲ အတင်းအဓမ္မ သိမ်းသွင်းခံခဲ့ကြရတာပါ။ စစ်နိုင်ဘုရင်ရဲ့ အုပ်ချုပ်မှုအောက်မှာ လက်အောက်ခံဒေသတွေဟာ တန်းတူညီမျှမှုတွေ ခံစားခွင့်မရခဲ့ကြပါ။ ကိုယ့်ထီးကိုယ့်နန်းနဲ့ လွတ်လပ်စွာရပ်တည်နိုင်ခဲ့ပြီးမှ စစ်ရေးရှုံးနိမ့်မှုကြောင့် စစ်နိုင်ဘုရင်ရဲ့ အင်ပါယာကြီးထဲ အလိုမတူပဲ အဓမ္မသိမ်းသွင်းခံခဲ့ရတဲ့ နိုင်ငံတွေမှာ၊ လူမျိုးစုတွေမှာ လွတ်လပ်လိုစိတ်တွေ အမြဲတမ်း ဆာလောင်နေပါလိမ့်မယ်။  

(င)

ဒီကနေ့ နွေဦးတော်လှန်ရေးကြီးကို မြန်မာပြည်သူအပေါင်းတို့ ဆင်နွှဲကြရာမှာ စစ်မှန်တဲ့၊ အားလုံးပါဝင်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးကို အသစ်တည်ဆောက်ကြမယ်လို့ ယုံကြည်ချက်ထားကြပါတယ်။ ဒါပေမယ့် မင်းအောင်လှိုင်ရဲ့ ဖက်ဆစ်စစ်တပ်ကြီးကို ချေမှုန်းအနိုင်ရရုံနဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မှာ မဟုတ်ပါ။ အတိတ်က မြန်မာစစ်ဘုရင်တွေရဲ့ တိုင်းရင်းသားလူနည်းစုတွေအပေါ် အနိုင်ကျင့် ရက်စက်ခဲ့တာတွေ၊ သူတို့ရဲ့ နိုင်ငံတွေ၊ နယ်မြေဒေသတွေကို ကျူးကျော်သိမ်းပိုက်ခဲ့တာတွေကို ကျနော်တို့ သိနားလည်ဖို့ လိုအပ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ မြေပုံနယ်နိမိတ်ထဲ တိုင်းရင်းသားများရဲ့ ပါဝင်မှုဟာ သူတို့ရဲ့ ကိုယ်ပိုင်ဆန္ဒကြောင့်မဟုတ်ပဲ ရှေးက မြန်မာစစ်ဘုရင်များနဲ့ လက်ရှိ မြန်မာစစ်ဝါဒီများရဲ့ အဓမ္မသိမ်းသွင်းခဲ့မှုကြောင့် ဖြစ်တယ်ဆိုတာကို လက်ခံဖို့ လိုအပ်ပါတယ်။ ဒီကနေ့အထိ မြန်မာနိုင်ငံကို ပြည်ထောင်စုနိုင်ငံတစ်ခုအဖြစ် ကြွေးကြော်နေပေမယ့် တိုင်းရင်းသားလူနည်းစုတွေဟာ ဗမာလူများစုနဲ့ နှိုင်းယှဉ်ရင် တန်းတူညီမျှ အခွင့်အရေးတွေ မရကြဘူးဆိုတာကိုလည်း သိနားလည်ဖို့ လိုပါတယ်။ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံမှာ တိုင်းရင်းသားများအားလုံး သူတို့ရဲ့ ကိုယ်ပိုင်ဆန္ဒနဲ့ ပါဝင်နိုင်ကြဖို့ လိုပါတယ်။ တန်းတူညီမျှ အခွင့်အရေးတွေ ရကြဖို့ လိုပါတယ်။ သူတို့က ပြည်ထောင်စုမှာ မပါဝင်တော့ပဲ ကိုယ်ပိုင်နိုင်ငံ ပြန်လည်တည်ဆောက်ရေး လမ်းကြောင်းကို ရွေးချယ်မယ်ဆိုရင်လည်း သူတို့မှာ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိတယ်ဆိုတာကို လက်ခံဖို့ လိုပါတယ်။ သူတို့မှာ ဆုံးရှုံးခဲ့တဲ့ အချုပ်အခြာအာဏာကို ပြန်လည်တည်ဆောက်ဖို့၊ လွတ်လပ်ရာလမ်းကြောင်းကို ရွေးချယ်ဖို့ အခွင့်အရေးရှိရမှာပါ။

သူတို့တွေက ဗမာလူများစုအပေါ် ယုံကြည်မှုရှိပြီး ပြည်ထောင်စုကြီးထဲမှာ ကိုယ်ပိုင်ဆန္ဒနဲ့ ပါဝင်လာနိုင်ဖို့အတွက်ဆိုရင် ကျနော်တို့ ဦးနှောက်ထဲမှာ စွဲကပ်နေတဲ့ မြန်မာစစ်ဘုရင်ကြီးတွေအပေါ် အထင်ကြီးတဲ့စိတ်တွေ၊ ဗမာလူမျိုးကြီးဝါဒအပေါ် သာယာမှုတွေကို ဖယ်ရှားပစ်ဖို့လိုပါတယ်။ ကျနော်တို့ နှလုံးသားထဲမှာ ကပ်ညိနေနိုင်တဲ့ အတိတ်က လက်နက်နိုင်ငံတော်ကြီးတွေကို လွမ်းဆွတ်ဂုဏ်ယူမှုတွေ၊ ပုဂံနိုင်ငံတော်ကြီးကို ပြန်တမ်းတတာတွေ၊ အနော်ရထာကို အထင်ကြီးတာတွေ၊ ဘုရင့်နောင်အတွက် ဂုဏ်မြောက်ခဲ့တာတွေ၊ အလောင်းဘုရားဦးအောင်ဇေယျရဲ့ အောင်မြေကိုမှ နင်းချင်ကြတာတွေကို ဖယ်ရှားနိုင်ဖို့လိုပါတယ်။ "တကောင်းအဘိရာဇာ၊တို့ဗမာသာကီမျိုးဟာမို့၊ မညှိုးဂုဏ်တေဇာ၊ များစွာပတိုင်းများကိုပါ (ယိုးဒယားနဲ့ ကုလားကိုပါ) တိုက်ထုတ်ခါ..အောင်ခဲ့တာ" ဆိုတဲ့ ဗမာလူမျိုးကြီးဝါဒ မြှင့်တင်ရေး တေးသီချင်းတွေကို ရင်မခုန်တတ်ဖို့ လိုပါတယ်။ ဗမာလူများစုအပေါ်မှာ မသိမသာဖြစ်စေ၊ သိသိသာသာဖြစ်စေ လွှမ်းမိုးထားတဲ့ အနော်ရထာဆန်တဲ့ အတွေးအခေါ်တွေ၊ အနော်ရထာဖြစ်ချင်တဲ့ စိတ်တွေ၊ အနော်ရထာလုပ်ခဲ့တာ မှန်တယ်လို့ ယုံကြည်ထားမှုတွေကို ပြတ်ပြတ်သားသား ဖယ်ရှားနိုင်မှပဲ တိုင်းရင်းသားတွေရဲ့ ယုံကြည်မှုကို ရပြီး တိုင်းရင်းသားအားလုံး တန်းတူညီမျှ ကိုယ်ပိုင်ဆန္ဒနဲ့ ပါဝင်ကြတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးကို အမှန်တကယ် တည်ဆောက်နိုင်မှာပါ။

အောင်ဒင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024