ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်မှာ ခုလပိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု အရှိန်မြင့်နေပြီး တဘက်ကလည်း ထိုင်းအစိုးရရဲ့ နိုင်ငံ့တံခါးဖွင့်မယ့်အစီအစဉ်အရ ကမ္ဘာလှည့်ခရီးသည်တွေကို လက်ခံကြိုဆိုဖို့ ပြင်ဆင်နေပါတယ်။
ကိုဗစ်-၁၉ ကူးစက်မှုကြောင့် ၂ နှစ်တာ ပိတ်ထားခဲ့ရတဲ့ ချင်းမိုင်ရဲ့အထင်ကရ လွိုင်ကထုန်း (မီးဖောင်မျှော) ပွဲတော်ကို ဒီနှစ် တန်ဆောင်တိုင်မှာ ခမ်းနားလှပစွာကျင်းပဖို့ ပြင်ဆင်ထားကြောင်း ပွဲကျင်းပရေးကော်မတီက အောက်တိုဘာ ၂၇ ရက် အစည်းအဝေးမှာ ပြောပါတယ်။
ဒီနှစ် ချင်းမိုင် တန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာ ၁၉၊ ၂၀ နေ့တွေမှာ ကျင်းပသွားမှာဖြစ်ပြီး မီးဖောင်အလှပြယာဉ် ၂၁ စီးနဲ့ စီတန်းလှည့်လည်မယ်လို့ ချင်းမိုင် လက်ထောက်မြို့တော်ဝန်က အစည်းအဝေးမှာ ပြောပါတယ်။
အဆိုပါ မီးဖောင်အလှပြယာဉ်တွေကို ဘုရင်သုံးပါးရုပ်တု၊ ထာ့ဖဲဂိတ်၊ ပဒူချင်းမိုင်ဂိတ်၊ ချန်းဖိုတ်(ဆင်ဖြူ)ဂိတ်၊ ဆွန်ဒေါက်ဂိတ်၊ ဆုမ်ဖစ်ဈေးနဲ့ ချင်းမိုင်မြူနီစီပါယ်ဗဟိုရုံးရှေ့တွေမှာ အဓိကထားရှိမယ်လို့ ဆိုပါတယ်။
တချိန်တည်းမှာပဲ ပွဲတော်ကို ကိုဗစ်-၁၉ ကူးစက်မှုကာကွယ်ရေး စည်းမျည်းစည်းကမ်း တွေနဲ့အညီ ကျင်းပနိုင်ဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းကာ စီမံချက်တွေချမှတ်ခဲ့တယ်လို့ ထိုင်း သတင်းမှာ ဖော်ပြပါတယ်။
ချင်းမိုင်ခရိုင်မှာ ဒီလ ၉ ရက်နေ့က ခရိုင်ရဲ့အကြီးဆုံးကုန်စိမ်းနဲ့သားငါးလက္ကားရောင်းချနေရာ တလတ်မိန်းမိုင် ဈေးကြီးထဲကနေ ကိုဗစ်-၁၉ ကူးစက်မှုဖြစ်ပေါ်ခဲ့တဲ့နောက် ပိုးကူးစက်ခံရသူ နေ့စဉ် ၃၀၀ နဲ့ ၄၀၀ ကြားမှာ ရှိနေပါတယ်။ အထူးသဖြင့် ဈေးထဲကကုန်စိမ်းနဲ့သားငါးတွေကို တဆင့်ပြန်ရောင်းချနေတဲ့ အခြားဈေး ၅ နေရာလောက်မှာ ဆက်လက်ကူးစက်နေလို့ ဈေးတွေပိတ်ထားရပါတယ် ။
ချင်းမိုင်ခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ကွပ်ကဲရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ဒီကနေ့ အောက်တိုဘာ ၂၈ ရက်မှာ ပိုးကူးစက်သူ နောက်ထပ် ၄၀၃ ဦး၊ သေဆုံးသူ ၁ ဦးရှိပြီး စုစုပေါင်းကူးစက်ခံရသူ ၁၅၅၆၅ ဦး ရှိသွားပြီလို့ ဆိုပါတယ်။
အဲဒီထဲက ပျောက်ကင်းသက်သာလို့ ဆေးရုံဆင်းရသူ ၁၁၃၅၅ ဦး၊ သေဆုံးသူ ၅၅ ဦးရှိပြီး လက်ရှိဆေးရုံမှာ ကုသနေသူ ၃၈၁၃ ဦး၊ စစ်ဆေးစောင့်ကြည့်ဆဲလူနာ ၃၄၂ ဦးရှိတယ်လို့ ဆိုပါတယ်။ ကိုးကား - https://www.chiangmainews.co.th/page/archives/1782671/