အီရန်နှင့် ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံ နျူးကလီးယားအရေးဆွေးနွေးပွဲ နိုဝင်ဘာလကုန်ကျင်းပမည်

အီရန်နဲ့ ကမ္ဘာ့အင်အားကြီး ခြောက်နိုင်ငံတို့ အကြား ဆွေးနွေးပွဲတွေကို နိုဝင်ဘာလကုန်ပိုင်းမှာ ကျင်းပမယ်လို့ အီရန်ရဲ့ ထိပ်တန်း နျူကလီးယားညှိုနှိုင်းရေးမှူး အလီဘာဂေရီကာနီက တွစ်တာ လူမှုကွန်ယက်ပေါ်ကနေ အောက်တိုဘာ ၂၇ ရက်မှာ ပြောလိုက်ပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ အီရန်နဲ့ ဥရောပသမဂ္ဂ အရာရှိတွေ တွေ့ဆုံအပြီး ခုလို ပြောလိုက်တာပါ။

“အောင်မြင်တဲ့ ညှိုနှိုင်းဆွေးနွေးချက်တွေအတွက် မရှိမဖြစ် အရေးပါတဲ့ အချက်တွေနဲ့အတူ အင်မတန်အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲ ဖြစ်ခဲ့တယ်။ ကျနော်တို့ဟာ နိုဝင်ဘာလကုန် မတိုင်ခင်မှာ ညှိုနှိုင်းမှုတွေ စဖို့ သဘောတူခဲ့တယ်။ ရက်စွဲအတိအကျကို လာမယ့် သီတင်းပတ်မှာ ကြေညာမယ်”လို့ ခါနီက တွစ်တာ လူမှုကွန်ယက်ပေါ်ကနေ ပြောပါတယ်။

အီရန်ကို နျူကလီးယားလက်နက်တွေ ပိုင်ဆိုင်ဖို့ ခွင့်မပြုမယ့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ ကတိကို အီရန်ဆိုင်ရာ အမေရိကန် အထူးသံတမန် ရော့ဘ်မော်လေက တနင်္လာနေ့မှာ တယ်လီဖုန်းနဲ့ ဆက်သွယ်ဖြေကြားတဲ့ သတင်းစာရှင်းလင်းပွဲ အတွင်း ပြောခဲ့ပါတယ်။

“တကယ်လို့ သံတမန်ရေးနဲ့ အလုပ်မဖြစ်ခဲ့ရင် ကျနော်တို့မှာ တခြားနည်းလမ်းတွေ ရှိတယ်။ အီရန်ကို နျူကလီးယား လက်နက် မရအောင်တားဖို့ တခြား နည်းလမ်းတွေကို သုံးရလိမ့်မယ်”လို့ သူက မှတ်ချက်ချ ပြောဆိုခဲ့ပါတယ်။ အဲဒီနောက်မှာ အီရန်နဲ့ အင်အားကြီး ခြောက်နိုင်ငံကြား ဆွေးနွေးမယ့် ကြေညာချက် ထွက်ပေါ်လာခဲ့ပါတယ်။

More News
Up