ပုသိမ်မြို့တွင် ယာဉ်ထိန်း ၂ ဦး ပစ်သတ်ခံရ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၃ ရပ်ကွက်မှာ အောက်တိုဘာ ၂၈ ရက်နေ့ မနက်ပိုင်းက ယာဉ်ထိန်းရဲကင်းရုံးကို တော်လှန်ရေးတပ်ဖွဲ့တွေက သေနတ်နဲ့ ဝင်ပစ်ခဲ့ရာမှာ ယာဉ်ထိန်းရဲ ၂ ဦး သေဆုံးသွားပါတယ်။
မြကျွန်းသာထိပ် ယာဉ်ထိန်းရုံးမှာ ယာဉ်ထိန်း ၂ ယောက် ရှိနေစဉ် ဒီမနက် ၁၁ နာရီကျော် လောက်က သေနတ်နဲ့ ဝင်ပစ်ခဲ့တာ ဖြစ်တယ်လို့ ပုသိမ်အနောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က DVB ကို ပြောပါတယ်။
“ သေနတ်ထဲက ကျည်ရှိသလောက် အကုန်ပစ်ခဲ့တယ် နှစ်ယောက်ထိတယ် ကျနော်တို့လည်း လုံခြုံတဲ့နေရာ ရောက်ပါပြီ” လို့ ပုသိမ်အနောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
ပုသိမ်မြို့မှာ ယာဉ်ထိန်းရဲရုံး အပစ်ခံရပြီးနောက်ပိုင်း မြို့ပေါ်သွားလာလှုပ်ရှားတဲ့ လမ်းတွေကို စစ်ကောင်စီ တပ်သားတွေက ပိတ်ဆို့စစ်ဆေးနေပါတယ်။
ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အခုလို့ ဝင်ရောက်ပစ်ခတ် တိုက်ခတ်မှုဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။