ဆူဒန်တွင် စစ်အာဏာသိမ်းပြီးနောက် အမေရိကန်၏ထောက်ပံ့ငွေ ဆိုင်းငံ့

ဆူဒန်နိုင်ငံမှာ အသွင်ကူးပြောင်းရေးအစိုးရကို စစ်တပ်က အာဏာသိမ်းအပြီး ဆူဒန်အတွက် စီးပွားရေး အထောက်အပံ့ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကို မပေးဘဲ ဆိုင်းငံ့ထားလိုက်ပြီလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရကို ကိုးကားပြီး အောက်တိုဘာ ၂၆ ရက် ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

ဝန်ကြီးချုပ် ဘယ်ရောက်နေပြီး ဘယ်လို အခြေအနေရှိတယ်ဆိုတဲ့ သတင်းအချက်အလက် မျှဝေစရာ အမေရိကန်အစိုးရမှာ မရှိသေးဘူးလို့လည်း ပြောပါတယ်။

အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ပဋိပက္ခဖြစ်လို့ လူ ၃ ဦး သေဆုံးခဲ့ပြီး အယောက် ၈၀ လောက် ဒဏ်ရာရခဲ့တာပါ။

နောက်နေ့မှာ မြို့တော်ခါတွန်နဲ့ အမြွှမြို့ အွန်မ်ဒါမန်တို့မှာ အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဆက်လက် ဖြစ်ပွားခဲ့ပါတယ်။

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး အဘ်ဒယ်ဖာတာ အယ်လ်ဘာဟန်က စစ်တပ်နဲ့ အရပ်သားတို့ ပူးပေါင်းဖွဲ့စည်းထားတဲ့ အချုပ်အခြာကောင်စီကို ဖျက်သိမ်းပြီး အရေးပေါ် အခြေအနေ ကြေညာခဲ့ပါတယ်။

၂၀၂၃ ခုနှစ် ဇူလိုင်လမှာ ရွေးကောက်ပွဲတွေ ပြန်ကျင်းပပေးပြီး ရွေးကောက်ခံ အရပ်သားအစိုးရကို အာဏာလွှဲပေးမယ်လို့လည်း ကတိပြုပါတယ်။

စစ်တပ်က အာဏာသိမ်းတာကို ထောက်ခံကြောင်း ကြေညာချက်ထုတ်ပေးဖို့ ငြင်းခဲ့လို့ ဝန်ကြီးချုပ်နဲ့ အကြီးတန်းကုလ အရာရှိဟောင်းဖြစ်သူ စီးပွားရေး ပညာရှင်တို့ကို စစ်တပ်က ဖမ်းထားပြီး ဘယ်နေရာမှန်း မသိတဲ့ဆီကို ခေါ်သွားတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနက ဝန်ကြီးချုပ်ကို ထောက်ခံပြီး ခုခံဖို့ တိုက်တွန်းခဲ့တာပါ။

အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူတွေ ထောင်သောင်းချီ လမ်းပေါ်ထွက်လာကြပြီး ခါတွန်မြို့တော်က စစ်ဌာနချုပ်တွေနားမှာ သေနတ်သံတွေကို ရင်ဆိုင်ခဲ့ကြပါတယ်။

ဗဟိုဘဏ် ဝန်ထမ်းတွေကလည်း အာဏာသိမ်းတာကို ပယ်ချသပိတ်မှောက်ကြောင်း ကြေညာခဲ့ ကြတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ပြောပါတယ်။

အစိုးရရုပ်သံရဲ့ သတင်းဆိုင်ရာ ညွှန်ကြားရေးမှူး အဖမ်းခံထားရတယ်လို့ သူ့မိသားစုက ပြောထားပါတယ်။

More News
Up