ကိုဗစ်တိုက်ဖျက်ရေး တိုးလုပ်ရန် ရုရှားအစိုးရ အမိန့်ပေး

ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရေး တိုးလုပ်ကြဖို့ ရုရှားအစိုးရက ဒေသန္တရ ခေါင်းဆောင်တွေကို အောက်တိုဘာ ၂၆ ရက်မှာ အမိန့်ပေးလိုက်ပါတယ်။
ကူးစက်ခံနေ့စဉ် သေဆုံးနှုန်းက ၈ ရက်အတွင်း ၆ ရက်မြောက် စံချိန်သစ်တင်ခဲ့လို့ ခုလို အမိန့်ထုတ်လိုက်တာပါ။
ဒါဟာ အရင်အပတ်က ကူးစက်မှုထက် ၁၀ ရာခိုင်နှုန်းကျော် ပိုများလာပြီး နိုင်ငံတလွှား ဒေသ ၈၅ ခုက ဆေးရုံတွေမှာ ကုသနေရသူ အယောက် ၂ သိန်း ၇ သောင်းနီးပါးရှိတယ်လို့ ကျန်းမာရေး ဝန်ကြီး မီခေးလ် မူရတ်ရှ်ကိုက ပြောပါတယ်။
လူနာဆောင်တွေမှာ လူနာတွေပြည့်ကြပ်နေပြီး ဝန်ထမ်းတွေ အကြီးအကျယ် ဝန်ပိနေပြီ အငယ်တန်း ဆရာဝန်တွေနဲ့ ဆေးကျောင်းသားတွေကိုပါ ကူညီဖို့ ခေါ်ထားရတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။
ဆေးရုံတင် ကုသခံ လူနာ ၉၈ ရာခိုင်နှုန်း၊ ၉၉ ရာခိုင်နှုန်းက ကာကွယ်ဆေး မထိုးရသေးတဲ့လူတွေလို့ မော်စကို အရှေ့တောင်ဘက် ဗိုလ်ရှ်စကီမြို့က ဆေးရုံရဲ့ အထူးကု ဒု-ဆရာဝန်ချုပ်က ပြောပါတယ်။
အာဏာပိုင်တွေဟာ ဒေသ ၁၃ ခုက ဆေးရုံတွေမှာ ကုတင်တွေ အဆင်သင့်လုပ်ထားဖို့ နဲ့ လူတွေကို အသွားအလာ ပိုထိန်းချုပ်ဖို့ လိုမယ်လို့ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။
သမ္မတ ဗလာဒီမီယာ ပူတင်ကတော့ အောက်တိုဘာ ၃၀ ကနေ နိုဝင်ဘာ ၇ ရက်ထိ ကာလကို နိုင်ငံလုံးဆိုင်ရာ အလုပ်ပိတ်ရက်အဖြစ် ကြေညာခဲ့ပါတယ်။
ဒါ့အပြင် ဒေသအလိုက် လိုအပ်ချက်အပေါ် မူတည်ပြီး အာဏာပိုင်တွေက တာဝန်ခံ ဆောင်ရွက်ကြဖို့ အားပေးထားပါတယ်။
မော်စကို မြို့တော်မှာ ကူးစက်နှုန်းက အရင်အပတ်ကထက်စာရင် ၁၄ ရာခိုင်နှုန်း တိုးလာတယ်လို့ မြို့တော်ဝန်က ပြောပါတယ်။
ကျန်ခဲ့တဲ့ ၂၄ နာရီအတွင်း ရုရှားတနိုင်ငံလုံးမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံ သေဆုံးသူ ဦးရေ ၁၁၀၆ ဦး ရှိတယ်လို့ အာဏာပိုင်တွေက ကြေညာထားပါတယ်။ ဒါဟာ ကပ်ဘေးစတည်းက ခုထိ တရက်အတွင်း လူအသေ အများဆုံးနေ့ ဖြစ်ခဲ့တာပါ။
၂၄ နာရီအတွင်း အသစ်ကူးစက်ခံဦးရေကတော့ ၃၆၄၄၆ ဦး ရှိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။