လာမယ့်ဘောလုံးရာသီကစတင်ပြီး ပွဲစဉ်တစ်ပွဲမှာ ၅ ဦးလူစားလဲခွင့်ရှိတဲ့ စည်းမျဉ်းကို ပုံသေသတ်မှတ်ဖို့ ဘောလုံးတာဝန်ရှိသူတွေက ကြိုးပမ်းနေပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် ပြီးခဲ့တဲ့ရာသီကစတင်ပြီး ပုံမှန်လူစားလဲလှယ်ခွင့် ၃ ဦးကနေ ၅ ဦးအထိ ပြောင်းလဲသတ်မှတ်ခဲ့တာပါ။
ဥရောပတိုက်ကလိဂ်တွေနဲ့ ကမ္ဘာတစ်လွှားမှာ ၅ ဦး လူစားလဲခွင့် စည်းမျဉ်းအတိုင်းဆက်ရှိနေပေမဲ့ အင်္ဂလန်မှာတော့ ၃ ဦးပဲ လူစားလဲခွင့်ရှိတာဖြစ်ပါတယ်။
ဒါပေမဲ့ နိုင်ငံတကာဘောလုံးအဖွဲ့ချုပ်များအသင်း IFAB က ၅ ဦးလူစားလဲခွင့်ကို ဘောလုံးဥပဒေအနေနဲ့ ပုံသေသတ်မှတ်တော့မှာဖြစ်လို့ ပရီးမီးယားလိဂ်မှာလည်း ၅ ဦး လူစားလဲခွင့်ရှိလာတော့မှာပါ။
ကမ္ဘာတစ်လွှားက ဘောလုံးအဖွဲ့ချုပ်တွေ၊ လိဂ်ပြိုင်ပွဲတွေနဲ့ ဘောလုံးတာဝန်ရှိသူတွေဘက်ကနေ ၅ ဦးလူစားလဲခွင့်ကို ပုံသေစည်းမျဉ်းအနေနဲ့ သတ်မှတ်ဖို့ တောင်းဆိုမူတွေရှိလို့ ၂၀၂၂-၂၀၂၃ ရာသီကစပြီး လုပ်ဆောင်သွားမယ်လို့ IFAB က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။