ပဋိပက္ခဖြစ်ပွားနေသည့် တောင်ဆူဒန်ရှိ သံရုံးဝန်ထမ်းများကို အမေရိကန်က ပြန်ခေါ်

တောင်ဆူဒန်နိုင်ငံက ပဋိပက္ခအခြေအနေတွေဟာ ပိုမိုဆိုးရွားလာတာကြောင့် အမေရိကန်အစိုးရဟာ Juba မြို့တော်က အမေရိကန်သံရုံး ၀န်ထမ်းတွေကို ဆက်လက် ခေါ်ထုတ်နေပါတယ်။
သံရုံးကြေညာချက်ထဲမှာတော့ အမေရိကန်နိုင်ငံသားတွေရဲ့ သံရုံးကိစ္စတွေကို တောင်ဆူဒန်မှာ ဆက်လက် လုပ်ဆောင်ပေးနိုင်တော့မှာ မဟုတ်ဘဲ အရေးပေါ်ကိစ္စတွေအတွက် အမေရိကန်နိုင်ငံသားတွေအနေနဲ့ ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့က အမေရိကန်သံရုံးကို ဆက်သွယ်ဖို့ ကြေညာထားပါတယ်။
အာဏာသိမ်းဖို့ ကြိုးစားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရာထူးက ဖြုတ်ချခံခဲ့ရတဲ့ ဒုသမ္မတဟောင်း Riek Machar ကို သစ္စာခံတဲ့ တပ်တွေနဲ့ လက်ရှိအစိုးရစစ်တပ်တွေဟာ ပြီးခဲ့တဲ့ ၂ ပတ်ကစပြီး တိုက်ပွဲတွေ ဖြစ်နေကြတာပါ။
ဒုသမ္မတဟောင်းက သူ့ရဲ့တပ်တွေဟာ Juba မြို့တော်ကို တက်သိမ်းမယ်လို့ သတိပေးထားပေမယ့် အစိုးရစစ်တပ်ကတော့ မြို့တော်ဟာ ၁၀၀ ရာခိုင်နှုန်း လုံခြုံတယ်လို့ ပြောဆိုခဲ့ပါတယ်။
တောင်ဆူဒန် ပြန်ကြားရေးဝန်ကြီးက သူပုန်တပ်တွေ လက်နက်မချရင် အပြတ်ရှင်းမယ်လို့ ဆိုပါတယ်။
မြို့တော် နဲ့ မိုင် ၂၀၀ ကွာဝေးတဲ့ အဓိကမြို့ Bor မြို့ကို သူပုန်တွေက သိမ်းထားပြီး အစိုးရစစ်တပ်က Bor မြို့ကို ပြန်လည်သိမ်းယူဖို့ စစ်ကူပို့ထားတယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေပေမယ့် နှစ်ဖက်ကိုယ်စားလှယ်တွေဟာ အီသီယိုးပီးယားနိုင်ငံ Addis Ababa မြို့မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်နေကြပါတယ်။
တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁၂၁,၆၀၀ ဟာ နေအိမ်ကနေ စွန့်ခွာနေကြရပြီး ၆၃,၀၀၀ ကျော်ဟာ နိုင်ငံတ၀န်းက ကုလသမဂ္ဂစခန်းတွေမှာ ခိုလှုံနေကြပါတယ်။