အီရန်တွင် ဆိုင်ဘာတိုက်ခိုက်မှုကြောင့် ဓာတ်ငွေ့ရည်ရောင်းချမှုလုပ်ငန်း ထိခိုက်

အီရန်နိုင်ငံမှာ ဆိုင်ဘာဖောက်ထွင်း တိုက်ခိုက်မှုကြောင့် အမတော်ကြေး အကြီးအကျယ် ပေးထားတဲ့ ဓာတ်ငွေ့ရည်ရောင်းချမှု အနှောင့်အယှက် ဖြစ်ခဲ့တယ်လို့ အစိုးရ မီဒီယာက အောက်တိုဘာ ၂၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

လောင်စာစျေးနှုန်း မြင့်တက်မှုကြောင့် ၂၀၁၉ ခုနှစ်က လမ်းပေါ် ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့တဲ့ နှစ်ပတ်လည်နေ့မတိုင်ခင် သီတင်းပတ်အလိုမှာ နိုင်ငံတဝန်း ဓာတ်ငွေ့ရည်ဆိုင်တွေမှာ ကားတန်းရှည်ကြီး စောင့်ဆိုင်းခဲ့ရတာပါ။

အရင်က ဒါမျိုးဖြစ်ရပ်တွေအတွက် အမေရိကန်နဲ့ အစ္စရေးကို အပြစ်တင်လေ့ရှိတဲ့ အီရန်ဟာ ခုလည်း အွန်လိုင်းတိုက်ခိုက်မှုတွေအတွက် တပ်လှန့်မှု မြှင့်ထားပါတယ်။

အမေရိကန်နဲ့ အနောက်အင်အားကြီးနိုင်ငံတွေကလည်း သူတို့ကွန်ရက်တွေကို နှောင့်ယှက် ချိုးဖောက်ဝင်ဖို့ ကြိုးစားနေတယ်လို့ အီရန်ကို စွပ်စွဲထားပါတယ်။

ကျန်ခဲ့တဲ့ နာရီနည်းနည်းအတွင်းမှာ ဓာတ်ငွေ့ရည် အရောင်းဆိုင်တွေက ဓာတ်ငွေ့ရည် ပြန်ဖြည့်တဲ့ စနစ်မှာ ဆိုင်ဘာဖောက်ထွင်းမှုကြောင့် အနှောင့်အယှက် ဖြစ်ခဲ့တယ်လို့ အစိုးရ ရုပ်သံ IRIB က ပြောပါတယ်။

နည်းပညာ ကျွမ်းကျင်သူတွေက ပြဿနာကို ဖြေရှင်းနေပြီး လောင်စာပြန်ဖြည့်တဲ့ စနစ်က ပုံမှန် ပြန်ဖြစ်သွားမှာပါလို့လည်း ပြောပါတယ်။

ဝေစုနဲ့ ရောင်းပေးတဲ့ စျေးချိုတဲ့ ဓာတ်ဆီကို ဝယ်ဖို့ စမတ်ကတ်တွေနဲ့ ရောင်းတဲ့ ဆိုင်တွေမှာသာ အနှောင့်အယှက်ဖြစ်ခဲ့ပြီး ဖောက်သည်တွေဟာ ပိုမြင့်တဲ့စျေးနဲ့ ရောင်းတဲ့ ဓာတ်ဆီတွေကိုတော့ ဝယ်နိုင်နေတုန်းပဲလို့ ရေနံဝန်ကြီးဌာနရဲ့ သတင်းဌာန ရှာနာက ပြောပါတယ်။

အရင်က အီရန်ဟာ ဇူလိုင်လတုန်းက ဆိုင်ဘာ တိုက်ခိုက်မှု တပုံတခေါင်းရဲ့ ပစ်မှတ်ထားမှုကို ခံခဲ့ရဖူးပါတယ်။

အီရန်မှာ ၂၀၁၉ ခုနှစ်က လောင်စာစျေးနှုန်း မြင့်တက်မှုကြောင့် လမ်းပေါ်ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီး လုံခြုံရေးတပ်တွေက ပစ်ခတ်လို့ လူရာချီ သေဆုံးသွားပါတယ်။

More News
Up