မကွေးတိုင်း၊ မကွေးမြို့က ခရိုင်အားကစားကွင်းတောင်ဘက်၊ ရုံးကြီးလမ်းက ဝန်ထမ်းအိမ်ရာဝန်းထဲမှာ ဒီကနေ့ အောက်တိုဘာ ၂၇ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်က ဗုံး ၁ လုံး ပေါက်ကွဲပြီး အမျိုးသား ၁ ဦးခြေထောက်နှစ်ဖက်လုံးထိခိုက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
“ခြေထောက်နှစ်ဖက်လုံးတော့ ဗုံးစမှန်လို့ တိုင်းဆေးရုံကြီးကို ပို့လိုက်တယ်။ မစိုးရိမ်ရလောက်ပါဘူး။ အဲ့ဒီဝန်ထမ်းအိမ်ကထဲနေတဲ့သူတွေကို CDM ဝင်ဖို့ သတိပေးတဲ့သဘောနေမှာပါ” လို့ အဆိုပါဝန်ထမ်းအိမ်ရာနဲ့နီးစပ်သူတဦးက ပြောပြပါတယ်။
ထိခိုက်ဒဏ်ရာရတဲ့သူက ဝန်ထမ်းမဟုတ်ပေမယ့် အဆိုပါဝန်ထမ်းအိမ်ရာမှာ နေထိုင်သူဝန်ထမ်းတဦးရဲ့ ဆွေမျိုးသားချင်းတော်စပ်သူဖြစ်တယ်လို့လည်း ဆက်လက်ပြောပြပါတယ်။
အဆိုပါဗုံးပေါက်ကွဲမှုကို မည်သည့်အဖွဲ့အစည်းက ပြုလုပ်တယ်ဆိုတာ တာဝန်ယူထုတ်ပြန်ကြေညာထားတာတော့ မတွေ့ရသေးပါဘူး။
အောက်တိုဘာ ၂၆ ရက်နေ့ကလည်း မကွေးမြို့ လျှပ်စစ်အင်ဂျင်နီယာရုံးက ထရမ်စဖော်မာနဲ့ လဝကရုံးတွေကို ဗုံးခွဲတိုက်ခိုက်ခံရပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ၂ ဦးလည်း ပစ်ခတ်ခံရလို့ အောင်မေတ္တာ (ဃ) ရပ်ကွက်အုပ်ချုပ်ရေးမှူး သေဆုံးခဲ့တယ်လို့ သိရပါတယ်။