Home
မေးမြန်းခန်း
“အသက်မသေသေးသရွေ့ တော်လှန်ရေးဆက်လုပ်မယ်” မြို့ပြပြောက်ကျား UG လူငယ်တဦး
DVB
·
October 27, 2021

နိုင်ငံတော်အာဏာကို မတရားသိမ်းယူပြီး ပြည်သူလူထုကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်နေတဲ့ စစ်အုပ်စုကို  မြန်မာနိုင်ငံတဝန်းက ပြည်သူတွေက ရရာနည်းလမ်းနဲ့ ဆန့်ကျင်တော်လှန်နေကြရာမှာ မြို့ပြပြောက်ကျား မြေအောက်လှုပ်ရှားမှုလုပ်နေတဲ့  လူငယ်တွေလည်း အပါအဝင်ဖြစ်ပါတယ်။ 

အထူးသဖြင့် ရန်ကုန်မြို့လို မြို့ကြီးပြကြီးတွေမှာ စစ်အာဏာရှင်ရဲ့ အဓိက ထောက်တိုင် လက်နက်ကိုင်တပ်တွေကို ရင်ဆိုင်တိုက်ခိုက်နေကြရတဲ့ UG လူငယ်တွေ ကြုံတွေ့နေရတဲ့ အခက်အခဲစိန်ခေါ်မှုတွေ၊ သူတို့ရဲ့ ရည်မှန်းချက်တွေနဲ့ ပြည်သူတွေကို ပြောပြချင်တဲ့ သတင်းစကားတွေနဲ့  ပတ်သက်လို့   မြို့ပြပြောက်ကျားတိုက်ပွဲဝင် UG  လူငယ်တဦးကို   ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။ 

မေး— လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရက (NUG) က  UG တွေထက်စာရင် ပြည်သူ့ကာကွယ်ရေးတပ် PDF ကို ပိုပြီး ထောက်ပံ့ကူညီပေးနေတာတွေ့ရတယ်။ UG တွေအနေနဲ့ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့နေရလဲ။ ဘယ်လိုရပ်တည်နေရလဲ ပြောလို့ရသလောက် ပြောပြပေးပါ။ 

ဖြေ— “NUG အနေနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် အများကြီးပြောစရာ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က တော်လှန်ရေးစလုပ်ကတည်းက တပိုင်တနိုင်အင်အားနဲ့ ဘယ်သူ့ကိုမှ အားမကိုးဘဲ ကျနော်တို့ ရုန်းကန်ခဲ့တယ်။ NUG အနေနဲ့ကြည့်မယ်ဆိုရင် PDF တွေကို ထောက်ပံ့ပေးနေတာ၊ ကယား၊ ဒီးမော့ဆိုတို့ဘက်တွေကို ထောက်ပံ့ပေးနေတယ်။ ကျနော်တို့ UG တွေကို ထောက်ပံ့တာတော့ အရမ်းအားနည်းတယ်။ ကျနော်တို့ အခုချိတ်ဆက်ထားတဲ့ အနောက်ပိုင်းနဲ့ တောင်ပိုင်းခရိုင်အဖွဲ့တွေကတော့ NUG နဲ့ ချိတ်ဆက်ထားခြင်း လုံးဝမရှိဘူး။ အလှူရှင်တယောက် ထောက်ပံ့တဲ့ငွေနဲ့ ကျနော်တို့ လက်နက်တွေ မရ ရအောင်ဝယ်ပြီး ရန်ကုန်ကို မရောက် ရောက်အောင် ပို့တယ်။ ကြားထဲက အလိမ်ခံလိုက်ရတဲ့ ပြဿနာတွေလည်း ရှင်းရတယ်။ အဲဒီကြားထဲကပဲ  မစ်ရှင်တွေကို ကျနော်တို့ လုပ်တယ်။  အခက်အခဲမျိုးစုံတော့ ရှိတယ်။ NUG နဲ့ပတ်သက်ပြီးတော့ ပြောစရာမရှိပါဘူး။ တော်လှန်ရေးဆိုတာ တပိုင်တနိုင်အင်အားနဲ့ လူတိုင်း ကြိုးစားရုန်းကန်ရမယ်ဆိုတဲ့ အသိစိတ်ဓာတ် ကျနော်တို့မှာ ရှိပါတယ်။”

မေး— မြို့ပြပြောက်ကျားလုပ်နေသူတွေအတွက် လုံခြုံရေးအခြေအနေစိုးရိမ်တာကြောင့်  မေးခွန်းတွေ အများကြီးတော့ မမေးချင်ပါဘူး။ အဓိကက  UG တွေဘက်က ပြည်သူတွေကို ဘယ်လို သတင်းစကားပေးချင်လဲ။ ဘယ်လိုတွေ အသိပေးစရာရှိလဲ။

ဖြေ— “ပြည်သူတွေနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် အဓိက ရန်ကုန်နဲ့ပတ်သက်ပြီးပဲ ပြောချင်ပါတယ်။ တိုင်းပြည်က အာဏာသိမ်းတာဖြစ်လို့ လူတိုင်းမှာ စီးပွားရေးကျဆင်းလို့ ကိုယ်စားဖို့ သောက်ဖို့ နေထိုင်ဖို့ ခက်ခဲလို့ လုပ်ရတာပေါ့နော်။ ဒါပေမဲ့ အပျော်အပါးတွေနဲ့ပတ်သက်ပြီး လျှောက်သွားတာတို့ကျတော့ ကျနော်တို့အတွက် မစ်ရှင်လုပ်ရတာ အရမ်းခက်ခဲတယ်ဗျ။ သီတင်းကျွတ်လပြည့်နေ့ဆို ကြည့်ပါ။ ကျနော်တို့ဘက်မှာ မစ်ရှင်ပေါင်းများစွာ လုပ်ဖို့ရှိတယ်။ Plan တခုလုပ်ဖို့ အခက်အခဲပေါင်းများစွာ ရှိတယ်။ ကျနော်တို့အတွက်လည်း လွတ်မြောက်နိုင်ရမယ်၊ မစ်ရှင်လည်း အောင်မြင်ရမယ်ဆိုတဲ့  Plan တွေဆွဲရတာတွေ ရှိတယ်။ ပြည်သူတွေကို ပြောချင်တာက တခုပါပဲ။ ကျနော်တို့ တိုင်းပြည် မငြိမ်းချမ်းသေးတဲ့ကာလ ဖြစ်နေလို့ ကျနော်တို့ အနာဂတ်မျိုးဆက်အတွက် ကျနော်တို့ အများကြီး ကြိုးစားနေပါတယ်။ ကျနော်တို့က ပြည်သူတွေကြားကနေ အခက်အခဲပေါင်းများစွာနဲ့ ယူဂျီ လုပ်နေကြပါတယ်။ ဒေသခံ တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေမရှိတဲ့ နယ်မြေမှာ ကျနော်တို့ လှုပ်ရှားနေရတာဆိုတော့ ကျနော်တို့ကို မိပြီဆိုတာနဲ့ ကျနော်တို့က အသေပဲဗျ။ ကျနော်တို့မှာလည်း မိသားစုတွေ ရှိတယ်။ အဲဒီလိုဆိုတော့ ကျနော်တို့ ယူဂျီတွေအနေနဲ့ အခက်အခဲပေါင်းများစွာ ရှိတယ်။ ပြည်သူတွေ ဝမ်းစာအတွက် ရှာဖွေတာ လုပ်စေချင်ပေမဲ့ မလိုအပ်ဘဲ လျှောက်သွားတာတွေက ကျနော်တို့ မစ်ရှင်တွေအတွက် နှောင့်နှေးရတယ်ဗျ။ အကုန်လုံးက အာဏာရှင်ကို တော်လှန်နေတာပဲဗျာ။ မီတာဆောင်တာတွေ၊ တခြား ဘားသွား၊ ကလပ်တက်တာတွေက ဖြစ်နိုင်ရင် မလုပ်စေချင်ဘူး။ လမ်းမပေါ်မှာ ပြည်သူတွေ များနေသရွေ့ အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်ဖို့၊ အာဏာရှင် အစေအပါးတွေကို ဖြုတ်ချတဲ့ ကဏ္ဍတွေမှာ ကျနော်တို့အတွက် အခက်အခဲတွေ အများကြီး ရှိပါတယ်။

မေး— အခုနောက်ပိုင်းမှာ စစ်သား၊ ရဲ အတော်များများက စစ်ကားတွေကို အသုံးမပြုတော့ဘဲ ပြည်သူတွေစီးတဲ့ အိမ်စီးကားမျိုးတွေ အသုံးပြုလာကြတယ်။ ယူနီဖောင်းမဝတ်ဘဲ သာမန်ပြည်သူတွေလို အသွင်ယူ သွားလာတာမျိုး တွေ့ရတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ရော ဘာများပြောချင်လဲ။ 

ဖြေ— “ဒါနဲ့ပတ်သက်ပြီးတော့ အခြေအနေက နိုင်ငံရေးထက် စစ်ရေးဘက်ကို ပိုပြီးဦးတည်သွားပြီ။ တဘက်မှာလည်း နိုင်ငံရေးအရ NUG က အများကြီး အားသာနေပြီ။ စစ်ရေးအရ ပြောရမယ်ဆိုရင် စစ်သားတယောက်အနေနဲ့ဆိုရင် အရပ်ဝတ်နဲ့ လုပ်ရှားတယ်ဆိုတာ မလုပ်သင့်တဲ့အရာပါပဲ။ စစ်သားဖြစ်တယ်ဆိုရင် တိုင်းပြည်အတွက် ကာကွယ်ဖို့ စစ်သားချင်း ရဲရဲဝံ့ဝံ့ တိုက်ခိုက်ရမယ်လေ။ ပြည်သူနဲ့ ရောယှက်ပြီး နေထိုင်ခြင်းကလည်း ကျနော်တို့ တော်လှန်ရေးသမားတွေအတွက် အရမ်းဒုက္ခရောက်တယ်။ ကျနော်တို့မှာလည်း မစ်ရှင်တခုကို ဆွဲမယ်ဆိုရင် သူတို့ ထောက်လှမ်းရေးတွေ၊ SB တွေ အကုန်လုံး သေချာစောင့်ကြည့်ရတယ်။ အရပ်ဝတ်နဲ့ သွားလာသူတွေကိုအစ ကျနော်တို့က ကြိုတင်ခန့်မှန်းပြီးတော့ ပိုင်နိုင်ပြီဆိုမှ ကျနော်တို့က လုပ်တာ။ သူတို့ရဲ့ ယုတ်ညံ့တဲ့ လုပ်ရပ်တွေက ပြည်သူတွေကို ဖြတ်လေးဖြတ်စနစ်နဲ့ အသုံးချတာရော၊ ကလေးသူငယ်တွေကအစ သတ်ဖြတ်တာရောတွေက ဂျီနိုဆိုက်လည်း မြောက်တယ်။ လူသားချင်းမစာနာတာလည်း ဖြစ်တယ်။ သူတို့ကတော့ တိုင်းပြည်ကို အုပ်ချုပ်ဖို့ နည်းမျိုးစုံနဲ့ ယုတ်မာဦးမှာပဲ။ ကျနော်တို့က ဒါတွေအကုန်လုံးကို တွန်းလှန်ပြီးတော့ တိုင်းပြည်အတွက် ပါဝင်ပေးဆပ်ရမယ်လို့ မျှော်လင့်ပါတယ်။”

မေး— ပြောက်ကျားတပ်ဖွဲ့တွေအတွက် ဘယ်အရာတွေက အဓိကအခက်အခဲ ဖြစ်မလဲ။ ပြည်သူတွေကို ပြောက်ကျားတပ်ဖွဲ့တွေက သတိပေးထားတာတွေ ရှိတယ်။ စစ်ကောင်စီ တပ်ဖွဲ့တွေနဲ့ အနီးကပ် မနေဖို့တွေ၊ အိမ်တွေမှာ စီစီတီဗွီတွေ ဖြုတ်ထားဖို့တွေ သတိပေးထားတာလည်း ရှိတယ်ဆိုတော့ အခက်အခဲတွေအတွက် ဘာတွေ ပြောချင်လဲ။

ဖြေ— “ကျနော်တို့က စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မှာ လှုပ်ရှားတာဖြစ်တော့ စီစီတီဗွီတွေ၊ ဒီကောင်တွေနဲ့ပတ်သက်ပြီး အနီးအနားမှာနေတဲ့ ပြည်သူတွေကို သတိပေးချင်တာတခုကတော့ ပြည်သူတွေက အတတ်နိုင်ဆုံး  အိမ်ထဲမှာနေကြဖို့ မျှော်လင့်တယ်။ ယူဂျီတွေက ဒီနေ့အချိန်အထိ တထောင့်တနေရာက အရေးပါနေတုန်းပဲ။ ၈၈ ကို ဥပမာယူလို့ရတယ်။ မြို့ကြီးပြကြီးတွေ ငြိမ်သက်သွားရင် တောထဲ တောင်ထဲက PDF တွေ အရမ်းအခက်အခဲ ဖြစ်သွားလိမ့်မယ်။ တိုင်းပြည် ဆူပူနေအောင် ဆိုတာထက်ကို တော်လှန်ရေးနဲ့ပတ်သက်ပြီး ယနေ့အချိန်အထိ မြို့ကြီးပြကြီးမှာ ဆက်လက်တိုက်ပွဲဝင်နေတုန်းဆိုတဲ့ အခြေအနေကို ကျနော်တို့က အသက်ပါရင်းပြီး ပြည်တွင်းမှာ အများကြီး ကြိုးစားနေကြရတယ်။ ပြည်သူတွေကို ပြောချင်တာက မစ်ရှင်တခု လုပ်ပြီးတိုင်း ကျနော်တို့ ထွက်ပြေးရတာတွေ ရှိတယ်။ အဲဒီအခါမှာ ကားလမ်းဆိုရင် ကား အသကုန်မောင်းလာတာမျိုးဆိုရင် ကျနော်တို့ကို ရှောင်ပေးစေချင်တယ်။ ကျနော်တို့ ပြေးလို့ရအောင် ပြည်သူတွေ ဝိုင်းဝန်းကာကွယ်ပေးကြစေချင်တယ်။ ကျနော်တို့ မစ်ရှင်လုပ်မယ့်နေရာ စကစနဲ့ အနီးတဝိုက်မှာ ပြည်သူတွေ မရှိဖို့ လိုအပ်တယ်။ ပြည်သူတွေအနေနဲ့လည်း မစ်ရှင်တခုလုပ်တဲ့အချိန်မှာ အနီးနားတဝိုက် ပြည်သူတွေက ချက်ချင်း လိုင်းပေါ်မတင်ဖို့ လိုအပ်တယ်။ အဲဒီလိုတွေတင်လို့ လူ ၅၀ နီးပါး အဖမ်းခံနေရပြီးပြီ။ အဓိက မှာချင်တာက အသံတခုခု ကြားတိုင်း၊ ဘာပဲဖြစ်ဖြစ်၊ ဘာပဲလုပ်လုပ် အရင်ဆုံး လိုင်းပေါ်မတင်ဖို့ရယ်၊ ဒီကောင်တွေနဲ့ ပြည်သူတွေ ဝေးဝေးနေပေးဖို့ရယ်။ အဲဒါမှလည်း ကျနော်တို့ လုပ်ရကိုင်ရ လွယ်ကူပါလိမ့်မယ်။ လက်နက်ကိစ္စကတော့ အခက်အခဲရှိပါတယ်။ ကျနော်တို့က တောတွင်းနေ PDF တွေမဟုတ်တော့ လုံခြုံရေးအရ အရမ်းခက်ခဲပါတယ်။ လက်နက်ဝယ်ယူဖို့တွေ၊ ရန်ကုန်မှာ ယူဂျီ လှုပ်ရှားဖို့အတွက်တွေ ထောက်ပံ့ငွေလည်း အရမ်းလိုအပ်ချက်ရှိတယ်။ မရှိ ရှိတဲ့ကြားက လုပ်နေရင်း အလိမ်ခံရတာတွေလည်း ရှိတယ်။ ”

မေး— ဒီကနေတဆင့် တော်လှန်ရေးကို ဘယ်အတိုင်းအတာအထိ ဆက်လုပ်ဆောင်သွားမလဲဆိုတာ ဖြည့်စွက်ပြောပေးပါဦး။

ဖြေ— “တော်လှန်ရေးကို ကျနော် အဖမ်းမခံရသေးတဲ့အထိ၊ ကျနော် မသေသေးသရွေ့ ဆက်လုပ်သွားမှာပဲ။ မိသားစုကိုလည်း စွန့်လွှတ်ထားပြီးပြီ။ သန်းခေါင်စာရင်းထဲကပါ ထုတ်ခိုင်းထားတယ်။ တော်လှန်ရေး ဘယ်အချိန်ပြီးမလဲ မခန့်မှန်းနိုင်တော့ ကျနော်တို့ အသက်မသေသေးသရွေ့၊ အဖမ်းမခံရသေးသရွေ့ တော်လှန်ရေးဆက်လုပ်သွားမယ်လို့ ရဲရဲကြီး အာမခံပါတယ်။ ပြည်သူတွေအနေနဲ့ စကစနဲ့ အနီးတဝိုက် မနေဖို့၊ စကစ အုပ်ချုပ်ရေးယန္တရား ရပ်တန့်ရေးအတွက် ပြည်သူတွေ ပူးပေါင်းပါဝင်ပေးစေချင်တယ်။ အခုဆိုရင် မီတာခတွေ သွားဆောင်တဲ့သူတွေ ရှိနေပြီ။ ဒီလိုလူတွေရှိနေတာ ကျနော်တို့အတွက် ခက်ခဲစေပါတယ်။ စကစ အုပ်ချုပ်ရေးယန္တရား ရပ်တန့်ဖို့ လိုအပ်တယ်။ ရပ်တန့်ပေးဖို့ ပြည်သူကို တောင်းဆိုချင်တယ်။ တော်လှန်ရေးက လူတိုင်းပါဝင်မှ ပြီးဆုံးမှာပါ။ ထောက်တိုင်ပေါင်းများစွာနဲ့ သွားတာဆိုတော့ လက်နက်ကိုင်တိုက်ပွဲနဲ့တင် မပြီးဘူး။ အာဏာရှင်ကို ဖီဆန်နေဖို့၊ အာဏာရှင်အမိန့်ကို မနာခံဖို့ အရမ်းလိုအပ်တယ်။ ကျနော်တို့ တော်လှန်ရေးက မပြီးသေးတော့ ကြိုးစားလုပ်ကိုင်ရဦးမယ်။ အဓိကက အာဏာရှင်ယန္တရားအားလုံးကို ပြည်သူကပါ ဝိုင်းဝန်းကူညီဖြတ်တောက်ပေးဖို့ လိုအပ်တယ်။ တကယ်လို့ ပြည်သူတွေကသာ အာဏာရှင်ယန္တရားကို ဝိုင်းဝန်းကူညီ ဖြတ်တောက်ပေးရင် တော်လှန်ရေးက အရမ်းမကြာဘူးလို့ မျှော်လင့်တယ်။ 

ကျနော်တို့ တော်လှန်ရေးလုပ်နေတာ။ ကျနော်တို့ကို အမေက မွေးတယ်၊ အခုအချိန်မှာ ပြည်သူက ကျွေးတယ်။ ကျနော်တို့ တော်လှန်ရေးပိုက်ဆံကို တပြားတချပ်မှ ကိုယ်ကျိုးအတွက် မသုံးဘူး။ ဒီကြားထဲမှာ အလိမ်ခံရတာတွေ ရှိတယ်။ အဲဒီတော့ လှူတဲ့သူဘက်ရော၊ ကျနော်တို့ ချိတ်ဆက်လုပ်နေတဲ့ ယူဂျီအဖွဲ့တွေရော ခင်မင်မှု၊ ယုံကြည်မှုတွေ ပျက်တယ်။ ကျနော်တို့မှာ လျှို့ဝှက်လုပ်ရတဲ့အပိုင်းတွေ ရှိတော့ ခေါင်းခံလုပ်ရတဲ့နေရာမှာ အခက်အခဲတွေ ရှိတယ်။ ကိုဗစ်ကာလအတွင်း အာဏာသိမ်းခံရတဲ့အခြေအနေမှာ ပြည်သူတွေဟာ စီးပွားရေး ချွတ်ခြုံကျနေတာ။ အဲဒီထဲမှာ တသောင်းလောက်ရှိရင် ငါးထောင်လောက် လှူနေတာဆိုတော့ ကျနော်တို့က ငါးရာမပြောနဲ့၊ ငါးဆယ်တောင် ကျနော်တို့ မသုံးရက်ဘူး။

NUG ကို တခု တောင်းဆိုချင်တာတခုက ကျနော်တို့ ယူဂျီသမားတွေကို မပစ်ပယ်ထားဖို့နဲ့ CDM တွေကို မပစ်ပယ်ထားဖို့ရယ်။ CDM သမားတွေ အခုထိ တောင့်ခံပေးထားလို့ ခုအချိန်ထိ တော်လှန်ရေးက ဆက်သွားလို့ရနေတာ။ အခုချိန်မှာ CDM သမားတွေ ဒုက္ခရောက်နေတာ အများကြီးပဲ။ ကျနော် အခု ယူဂျီ လုပ်တယ်။ CDM ဝင်ချင်လို့ ကျနော့်ကို လာဆက်သွယ်တဲ့ ရဲတွေ၊ စစ်သားတွေ မနည်းဘူး။ ပြည်သူ့ရင်ခွင်တို့၊ NUG တို့ကို ချိတ်ဆက်ရင် အရမ်းနှောင့်နှေးတာတွေ ရှိတယ်။ အဖွဲ့အစည်းအနေနဲ့ သွားတော့ နှောင့်နှေးတာတွေ ကျနော်တို့ လက်ခံပါတယ်။ ဒါပေမဲ့ လူတွေက အသက်နဲ့ရင်းနေရတာဆိုတော့ မြန်မြန်ဆန်ဆန်လေး လုပ်ပေးဖို့ ပြောချင်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024