ယူ ၁၆ ဘောလုံးအသင်းအတွက် ကစားသမား ရွေးချယ်မည်

နိုင်ငံတကာ ပြိုင်ပွဲတွေအတွက် မြန်မာ့လက်ရွေးစင် ယူ ၁၆ အသင်းကို ဖွဲ့စည်းဖို့ ကစားသမား ရွေးချယ်မှုတွေကို အထက်မြန်မာပြည်နဲ့ အောက်မြန်မာပြည်ဇုန် ၂ ခုခွဲ ကျင်းပပြုလုပ် သွားမှာ ဖြစ်ပါတယ်။
အထက်မြန်မာပြည်အတွက် မန္တလေးမြို့ ဘောလုံးအကယ်ဒမီမှာ ဇန်န၀ါရီ ၁၅နဲ့ ၁၆ ရက်၊
အောက်မြန်မာပြည်အတွက် သုဝဏ္ဏ လေ့ကျင့်ရေးကွင်းမှာ ဇန်န၀ါရီ ၁၈နဲ့ ၁၉ ရက်နေ့တွေမှာ နေ့စဉ် နံနက် ၇ နာရီက စတင်ပြီး ရွေးချယ်မှာ ဖြစ်ပါတယ်။
အရွေးခံမယ့်သူတွေဟာ ၁၉၉၈ ခုနှစ်နဲ့ နောက်ပိုင်း မွေးဖွားသူတွေ ဖြစ်ရမယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် လူမှုကွန်ရက် အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ကစားသမား ရွေးချယ်ရေးကော်မတီမှာ မြန်မာ့လက်ရွေးစင် ယူ ၁၆ အသင်း နည်းပြအဖြစ် တာဝန်ယူမယ့် ဘူးဂေးရီးယားနည်းပြ မင်ကော့ဗ်စကီး၊ MFF နည်းစနစ်ဒါရိုက်တာတွေ ဖြစ်တဲ့ ဦးဝင်းသူမိုး၊ ဦးတင်မြင့်အောင်၊ ဦးစိုးမြင့်လွင်၊ မန္တလေးမြို့ မြန်မာဘောလုံးအကယ်ဒမီက နည်းပြ ဦးသန်းလွင်၊ လက်ရွေးစင်ဟောင်း ဦးအေးမောင်ကြီးတို့ ပါဝင်ကြပြီး အထက်မြန်မာပြည်နဲ့ အောက်မြန်မာပြည်ဇုန်တွေ ခွဲပြီး တာဝန်ယူ ရွေးချယ်သွားမှာ ဖြစ်ပါတယ်။