ဒီမိုကရေစီရေး လှုပ်ရှားသူများကို ပြန်လွှတ်ပေးရန် ဘာရိန်းပြည်သူများ ဆန္ဒပြ

ထောင်နဲ့ချီတဲ့ ဘာရိန်းပြည်သူတွေဟာ မြို့တော် မနာမာ (Manama) မှာ ဖမ်းဆီးထားတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို ပြန်လွှတ်ပေးဖို့ ဇန်န၀ါရီ ၃ ရက်နေ့က ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ ဂုဏ်သိက္ခာရှိပြီး၊ ပိုမို လွတ်လပ်တဲ့ ဒီမိုကရေစီ အခွင့်အရေးတွေ ရရှိဖို့ ကြွေးကြော် တောင်းဆိုခဲ့ကြပြီး အဖမ်းခံထားရတဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ ဓာတ်ပုံတွေကိုလည်း ကိုင်ဆောင်ခဲ့ကြပါတယ်။

ဘာရိန်းအစိုးရနဲ့ အတိုက်အခံတို့ရဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ အခုနောက်ပိုင်း ပိုမို များလာနေပြီး အကြမ်းဖက်မှုအသွင် ကူးပြောင်းသွားမှာကို ပြည်သူတွေက စိုးရိမ်နေကြပါတယ်။

Bahrain 1နိုင်ငံရေး ပြုပြင်ပြောင်းလဲလုပ်လိုသူတွေကို ဖမ်းဆီးတာ၊ အိမ်တွေကို ၀င်ရောက်စီးနင်းနေတာနဲ့ ဥပဒေသစ်တွေ ထုတ်ပြီး တင်းကျပ်တာတွေလည်း အစိုးရက လုပ်ဆောင်နေပါတယ်။

နှစ်ဖက်ပြေလည်မှုရဖို့ ကြိုးစားတာတွေထက် သဘောထားတင်းမာသူတွေကို အပြန်အလှန် ထိန်းသိမ်းတာတွေက ပိုများနေပါတယ်လို့ သံတမန်တွေနဲ့ သုံးသပ်သူတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၁ ပတ်ကလည်း အတိုက်အခံတွေဟာ အီရန်နဲ့ ဆီးရီးယားက လက်နက်တွေနဲ့ ဖောက်ခွဲရေးပစ္စည်းတွေ လှေနဲ့ ခိုးသွင်းလာတာကို ဖမ်းမိတယ်လို့ အစိုးရက စွပ်စွဲပြောဆိုခဲ့ပါတယ်။

အဓိကအတိုက်အခံ အယ်လ်ဝီဖက်ကွ် (al-Wefaq) ပါတီက  ရှီးယားအစ္စလာမ့်ဂိုဏ်းဝင် ဘာသာရေးခေါင်းဆောင် ရှိတ် အလီ ဆေးလ်မန် (Sheikh Ali Salman)က ပြီးခဲ့တဲ့ ဇန်န၀ါရီ ၃ ရက်နေ့က ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ပြီး သူပါတီအနေနဲ့ အကြမ်းမဖက်မှုကိုပဲ အားပေးတယ်လို့ ပြောဆိုပါတယ်။

၂၀၁၁ လူထုအုံကြွမှုကို ဘာရိန်းအစိုးရက နှိမ်နင်းနိုင်ခဲ့ပေမယ့် နေ့စဉ်ဆန္ဒပြပွဲတွေနဲ့ ပဋိပက္ခတွေ ဖြစ်ပွားနေပြီး ၂၀၁၂ နှစ်လယ်ပိုင်းကစပြီး ဗုံးပေါက်ကွဲမှုတွေလည်း များပြား လာခဲ့ပါတယ်။

//
More News
Up