ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ကုန်းဆုံကျေးရွာအုပ်စု၊ ကသဲကျေးရွာအနီး တောင်ကုန်းပေါ် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ဖယ်ခုံ PDF၊ ပူးပေါင်းတပ်ဖွဲ့တို့ အောက်တိုဘာ ၂၆ ရက် ညနေ ၄ နာရီလောက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဖယ်ခုံ PDF က သတင်းထုတ်ပြန်ပါတယ်။
မိနစ် ၃၀ လောက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဖယ်ခုံ PDF တပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပေမယ့် အကြမ်းဖက်စစ်ကောင်စီဘက်က ထိခိုက်မှုကို မသိရှိရဘူးလို့ ဖယ်ခုံ PDF တာဝန်ရှိသူတဦးက ပြောပါတယ်။
“မနေ့ညနေ ၄ နာရီလောက်မှာ တိုက်ပွဲဖြစ်လိုက်သေးတယ်။ ကုန်းဆုံကျေးရွာအုပ်စု ကသဲကျေးရွာပေါ့။ ကသဲကျေးရွာရဲ့ တောင်ကုန်းထိပ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ညနေ ၄ နာရီလောက်ပေါ့ အဲချိန်လောက်မှာ တိုက်ပွဲဖြစ်တယ်။ ကျနော်တို့ဘက်က ရဲဘော်တယောက်တော့ ခြေသလုံးကို ဒဏ်ရာတချက်ရသွားတယ်။ ခြေသလုံးရှပ်ထိသွားတာပေါ့။ စစ်ကောင်စီဘက်ကတော့ ကျနော်တို့လည်း သေချာမသိရဘူးဗျာ။”
ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်က ဖယ်ခုံမြို့နယ်အတွင်း ရမ်းသန်းပစ်ခတ်တဲ့အတွက် ပြည်သူ ၃ ဦးလည်း ကျည်ထိမှန်ခဲ့သလို အောက်တိုဘာ ၂၇ ရက်နေ့ မနက် ၃ နာရီဝန်းကျင်မှာလည်း ကသဲကျေးရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က ပြည်သူတွေကိုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်ဖျက်ဆီးတာကြောင့် ကသဲကျေးရွာ တောင်ကုန်းပေါ်မှ ာအခြေချတဲ့ စစ်ကောင်စီတပ်ကို သွားရောက်တိုက်ခိုက်ခဲ့တာလို့ ဖယ်ခုံ PDF တာဝန်ရှိသူက ပြောပါတယ်။
“ကျနော်တို့ဆီမှာ အဓိကကတော့ သူတို့က မြို့ပေါ်တွေမှာကော အင်အားတွေ တိုးချပြီးတော့ မြို့ပေါ်တွေမှာ လိုက်ပြီးတော့ အကြောင်းမဲ့ပစ်တယ်။ အကြောင်းမဲ့ပြည်သူတွေကို စစ်တယ် ဆေးတယ်၊ ရှာဖွေတယ်၊ အိမ်လည်း တခါတလေ ဖျက်ဝင်တယ်၊ အဲလိုမျိုးတွေ လျှောက်လုပ်တယ်။ နောက်ပြီး မြို့ရဲ့ မြောက်ဘက်အထွက် လမ်းကြောင်းတလျှောက် ရွှေပြည်အေးရွာတို့ဘက်မှာ လမ်းကြောင်းတွေ ချထားတယ်။ ပြီးတော့ စစ်ကြောင်းကို ဟိုဘက်ထိုးလိုက်၊ ဒီဘက်ထိုးလိုက်လုပ်တယ်။ ရွာတွေ ဝင်တယ်၊ ဆိုင်တွေ ဖောက်တယ်၊ စားစရာလည်း ယူတယ်။ အဲဒီလိုတောက်လျှောက်တွေ လုပ်တယ်။ အဲကြောင့် ကျနော်တို့လည်း သူတို့ကို သွားပစ်တာပေါ့ သူတို့ရဲကင်းတွေကို။ ”
အပြန်လှန်ပစ်ခတ်ပြီးနောက်ပိုင်း ဒီကနေ့ မနက်ပိုင်းက ရွှေပြည်အေးဘက်ကို စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် လူနေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့သလို လူတဦးလည်း လက်မှာ ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ရွှေပြည်အေးကျေးရွာမှာ လူပေါင်း ၃၀၀ နီးပါးလောက် စစ်ရှောင်နေကြရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ရွှေပြည်အေး စစ်ရှောင်လာတာက အယောက် ၂၇၀ လောက်ရှိမယ်နော်။ အခု ဒီဘက်မှာပဲ ပို့ထားတယ်။ လက်နက်ကြီးက သူတို့ဆီမှာ အလုံး ၂၀ လောက်ကျတယ် ပြောတယ်။ သူတို့ စစ်ရှောင်ထားတဲ့ စခန်းနားမှာပဲ အဲလို လှမ်းထုတယ် ပြောတယ် ဒီမနက်တုန်းက။”
လက်ရှိအခြေအနေအရ စစ်ကောင်စီတပ်ဖွဲ့ဟာ ဖယ်ခုံ-ရွှေပြည်အေး လမ်းကြော တောင်ကုန်းပေါ် အင်အားအများအပြားချထားပြီး ဖယ်ခုံမြို့ပေါ်မှာ အကြောင်းမဲ့ပစ်ခတ်နေသလို စစ်ဆေးနေတယ်လို့ ပြောပါတယ်။