အီတလီနိုင်ငံ စစ္စလီကျွန်းတွင် ဆိုင်ကလုန်းမုန်တိုင်းတိုက်၊ လူ ၂ ဦးထက်မနည်း သေဆုံး

အီတလီနိုင်ငံတောင်ပိုင်း စစ္စလီကျွန်းကို အောက်တိုဘာ ၂၆ ရက်က  အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း  ဝင်ရောက်တိုက်ခတ်လို့ ကာတာနီယာ မြို့ပတ်လည်မှာ ရေကြီးခဲ့ပြီး လူ ၂ ယောက်ထက်မနည်း သေဆုံးတယ်လို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

ကာတာနီယာမြို့ မြောက်ပိုင်းက ဂရာဗီနာ မြို့နယ်မှာ မိုးကြီးလို့ ကားတစီးအောက်ကနေ အမျိုးသား တယောက်ရဲ့ အလောင်းကို တွေ့ခဲ့တယ်လို့ ရဲနဲ့ မီးသတ်သမားတွေကို ကူညီနေတဲ့ မီဆေရီကော်ဒီယာ စေတနာ့ဝန်ထမ်းအုပ်စုရဲ့ ပြောခွင့်ရက ပြောပြီး သေဆုံးမှုကို ရဲက အတည်ပြုပေမဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မပြောခဲ့ပါဘူး။

လူတယောက် ပျောက်ဆုံးနေပြီး ကာတာနီယာမြို့ ဂါရီဘယ်လ်ဒီ ဆေးရုံက လူနာဆောင်ထဲလည်း ရေတွေ ဝင်နေတယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။

“အရေးပေါ် အခြေအနေက အရေးတကြီး ပိုဖြစ်နေတယ်၊ အခြေအနေ တိုးတက်လာတာကိုလည်း မမြင်ရဘူး”လို့ မီးသတ်တပ်ဖွဲ့ ပြောခွင့်ရက ပြောပါတယ်။

စစ္စလီကျွန်းနဲ့ အနားက အီတလီပိုင်နက် ကာလာဘရီယာမှာ ရှားရှားပါးပါး ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့လို့ ပင်လယ်ရေအပူချိန်ဟာလည်း အရင်နှစ်တွေက ပျမ်းမျှအပူချိန်ထက် ၈ ဒီဂရီ ဆဲလ်စီးယပ်စ် ပိုပူနေခဲ့ပါတယ်။

မုန်တိုင်းဟာ ကြာသပတေးနဲ့ သောကြာနေ့တွေမှာ အရှိန်အမြင့်ဆုံး ဖြစ်မယ်လို့ မျှော်လင့်ထား ကြောင်း အီတလီ မိုးလေဝသ ဝက်ဆိုက်မှာ ခန့်မှန်းထားပါတယ်။

More News
Up