ဆူဒန်နိုင်ငံ စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲအတွင်း လူ ၃ ဦးထက်မနည်း သေဆုံး

ဆူဒန်နိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေအတွင်း အနည်းဆုံး  လူ ၃ ဦးသေဆုံးသွားပြီး  ဒဏ်ရာရတဲ့ အရပ်သားတွေကို ခါတွန်မြို့တော်က ဆေးရုံမှာ အောက်တိုဘာ ၂၅ ရက်က ကုသပေးနေပါတယ်။

ဆူဒန်စစ်တပ်က အသွင်ကူးပြောင်းရေးအစိုးရကို တနင်္လာနေ့က အာဏာသိမ်းအပြီး မြို့တော် ခါတွန်နဲ့ နိုင်ငံတဝန်း  တခြားမြို့တွေမှာ ပြည်သူတွေ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြပွဲကို ဖြိုခွင်းမှုအတွင်း စစ်သားတွေက လူသုံးယောက်ထက်မနည်းကို သတ်ခဲ့ပြီး လူ ၈၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

ခါတွန်မြို့တော် တော်ဝင်စောင့်ရှောက်မှု နိုင်ငံတကာဆေးရုံမှာ တက်ရောက်ကုသနေရတဲ့ ဒဏ်ရာရသူတွေထဲက တယောက်ဖြစ်တဲ့ အယ်လ်တာယက်ဘ် မိုဟာမဒ်အာမက်က အဲဒီနေ့ အစောပိုင်းမှာ ဆန္ဒပြသူ ၃ ယောက် သေဆုံးတာကို သူ မျက်မြင်သက်သေ တွေ့ခဲ့တယ်လို့ ပြောပါတယ်။

လက်နက်ကိုင်တပ်တွေက ဗုံးသီးတွေ၊ ကျည်အစစ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သူက ပြောပါတယ်။

အောက်တိုဘာ ၂၅ ရက်မှာ စစ်အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း စစ်တပ်က ပစ်ခတ်အပြီး လူ ၃ ယောက် ဒဏ်ရာတွေနဲ့ သေဆုံးတယ်လို့ ဆူဒန် ဆရာဝန်များ ဗဟိုကော်မတီက လည်း အတည်ပြု ပြောပါတယ်။

ဆူဒန်နိုင်ငံမှာ ကိုလိုနီခေတ်နှောင်းကာလ အများစုကို စစ်ခေါင်းဆောင်တွေက အာဏာသိမ်း အုပ်ချုပ်လေ့ ရှိပါတယ်။

ဆူဒန်ဟာ သမ္မတဘတ်ရှိုင်းယား လက်ထက်က အိုစမာဘင်လာဒင်ကို ၁၉၉၀ ပြည့်လွန်နှစ်တွေက လက်ခံ ခိုလှုံခွင့်ပေးခဲ့ဖူးပြီး စစ်ရာဇဝတ်မှုတွေအတွက် ဘတ်ရှိုင်းယားကို နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံးက အလိုရှိနေပါတယ်။

More News
Up