ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့မှာ အောက်တိုဘာ ၂၆ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခတ်တာကြောင့် သံဃာတော်တစ်ပါး ပျံလွန်တော်မူပြီး ကိုရင်တစ်ပါး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ငါးသိုင်းချောင်းမြို့နယ် ရင်းရှည်ကျေးရွာဘုန်းတော်ကြီးကျောင်းတိုက် လက်ထောက်ဆရာတော် ဦးကုသလဟာ ငါးသိုင်းချောင်းမြို့ပေါ်သို့ ပစ္စည်းသွားဝယ်ပြီးအပြန် ပစ်သတ်ခံခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။
“ဦးကုသလက မြို့တက်ပြီး သူ့မယ်တော်အုတ်ဂူကို သုတ်ဖို့ ဆေးသွားဝယ်ရင်း ပစ်သတ်ခံရတာ။ ငယ်ငယ်လေးကတည်းက ဝတ်ထားတာ။ ရပ်ရွာကလည်း လေးစားကြည်ညိုတယ်” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ဦးကုသလနဲ့အတူ ၁၄ နှစ် အရွယ်ကျောင်းသားငယ်တစ်ဦးပါပြီး သေနတ်နဲ့ပစ်ခတ်ခံရတဲ့အတွက် နားရွက်ကျည်ဆန် ထိမှန်ခဲ့ပြီး ငါးသိုင်းချောင်းဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
ရင်ဘတ်ကျည်ထိမှန်ပြီး ပျံလွန်တော်မှုခဲ့တဲ့ ဦးကုသလကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သယ်ဆောင်သွားပြီး ကျေးရွာကို ပြန်မပို့ပေးသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။