Home
မြန်မာသတင်း
ပေါင်းတည် ကြို့ပင်သာကျေးရွာကို အကြမ်းဖက်စစ်တပ် ဝင်စီးပြီး လူငယ် ၁ ဦးကို ပစ်သတ်
DVB
·
October 26, 2021

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ ကြို့ပင်သာ​ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက အောက်တိုဘာ ၂၆ ရက်​နေ့ မနက် ၄ နာရီလောက်က ဝင်ရောက်စီးနင်းပြီး ဒေသခံလူငယ် ၁ ဦးကို ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ထွက်ပြေးလွတ်မြောက်လာတဲ့ ဒေသခံရွာသားတဦးက “မနက်အစောကြီး စစ်ကားတွေနဲ့ စစ်သားအင်အား ၁၀၀ ကျော် ရွာထဲ ဝင်စီးတယ်။ ရွာထဲက လူတွေကို ရိုက်တယ်။ ဖုန်းတွေကို အကုန်သိမ်းတယ်။ ရွာက ကလေး ၁ ယောက်ကို ပစ်သတ်တယ်။ အစောကြီးမှာ အနိဋ္ဌာရုံ မြင်ကွင်းပါဗျာ” လို့ ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီက ပစ်သတ်လိုက်တဲ့ ဒေသခံလူငယ်ဟာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြတဲ့အထဲမှာ ပါဝင်ခဲ့တာကြောင့် ထွက်ပြေးတိမ်းရှောင်နေရင်း နေအိမ်ကို ခဏပြန်လာတဲ့ ကိုချစ်ရှိုင်း ဖြစ်တယ်လို့ သိရပါတယ်။

“စစ်တပ်က ချစ်ရှိုင်းကို ပစ်သတ်တယ်။ နောက်ပြီး PDF လို့ စွပ်စွဲဖို့ စစ်သားတွေယူလာတဲ့ လက်လုပ်သေနတ်ကို ဘေးချပြီး လုပ်ကြံဓာတ်ပုံရိုက်တယ်။ ချစ်ရှိုင်း ပြန်လာတာကိုသိတဲ့ ဒလန်ကောင်ရဲ့ သတင်းပေးလို့ အခုဆို ရွာနာရပြီ” လို့ မျက်မြင်ဒေသခံတဦးက ပြောပါတယ်။

ကြို့ပင်သာကျေးရွာက ဒေသခံလူငယ် ၁၅၀ နီးပါးဟာလည်း အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှာ စိုးရိမ်တဲ့အတွက် ဘေးလွတ်ရာကို ထွက်ပြေးလာကြရပြီး ကျေးရွာအတွင်းမှာ အသက်ကြီးသူတွေသာ ကျန်ရစ်ခဲ့တယ်လို့ ဆိုပါတယ်။ 

ကြို့ပင်သာကျေးရွာအနီးက လက်ပံကျေးရွာနဲ့ ပါးပျဉ်ကျေးရွာတွေကိုလည်း အကြမ်းဖက်စစ်ကောင်စီတပ်တွေက ဝင်ရောက်ရှာဖွေတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပေါင်းတည်မြို့နယ်ဟာ ရပ်ကွက်/ကျေးရွာအုပ်စု ၅၆ ခုရှိပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁၅ ဦးနီးပါး နုတ်ထွက်ထားတာလည်း ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024