တရုတ်ဘက်က ကျူးကျော်ကာထားသည့် နယ်ခြားစည်းရိုးကို ဒေသခံများ ပြန်ဖျက်ပစ်

မြန်မာ-တရုတ် နယ်စပ်၊ မူဆယ်မြို့နယ် ပန်ခမ်းရွာဘက်မှာ တရုတ်ဘက်က နယ်နိမိတ် ကျူးကျော်ကာ နယ်ကျွံကာထားတဲ့ နယ်ခြားစည်းရိုးတွေကို အောက်တိုဘာ ၂၅ ရက်နေ့က ပန်ခမ်းရွာသားတွေက ပြန်ဖျက်ပစ်လိုက်ကြပါတယ်။

ပန်ခမ်း ရွာခံတစ်ဦးက "ပန်ခမ်းကျေးရွာ တရုတ်-မြန်မာနယ်စပ် ခြံစည်းရိုး မြန်မာပြည်ထဲမှာ ဝင်လာတာ။ နယ်နိမိတ်ကျူးကျော်တာ ကျနော်တို့ ရွာသူရွာသားတွေ ပြန်လာဖျက်တယ်။ ငါတို့မြေမှာ တရုတ်တွေ ခြံစည်းရိုး လာဆောက်တာ။ ငါတို့နယ်မြေမှာ ဘယ်သူ့မှ ဆောက်ခွင့်မပေးဘူး။  ငါတို့ မြေ ငါတို့ ကာကွယ်သွားမယ်" လို့ ပြောပါတယ်။

တရုတ်ဘက်က နယ်ခြား နယ်နိမိတ် ကျူးကျော်ကာ ခြံစည်းရိုးကာရံနေတာကို နယ်စစ်လုံခြုံရေးတာဝန်ရှိတဲ့ စစ်ကောင်စီတပ်တွေက လျစ်လျူရှု အရေးယူဆောင်ရွက်ခြင်းမရှိပေမယ့် မူဆယ်၊ နမ့်ခမ်း တဘက်ကမ်းက  ရွာပေါင်း ၁၉ ရွာက  ဒေသခံတွေကတော့ လက်မခံဘဲ မကြာခဏ ပြန်ဖျက်ပစ်ခဲ့ကြတယ်လို့ ရွာသားတဦးက ပြောပါတယ်။

"ကျနော်တို့  မူဆယ် နမ့်ခမ်း ဟိုဘက်ကမ်းက  ၁၉ ရွာ အပါဝင် ဒီလို နယ်မြေကျူးကျော်မှုတွေဆိုလျှင် လက်မခံခဲ့တာလည်း  တော်တော်ကြာခဲ့ပြီဗျ။" 

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်လောက်ကလည်း နမ့်ခမ်းမြို့နယ် နောင်ခမ်းကျေးရွာဘက်မှာ တရုတ်ဘက်က နယ်ကျွံကာ နယ်ခြားစည်းရိုး ထပ်ခတ်ခဲ့ပြီး စက်တင်ဘာ ၁၂ ရက်နေ့ကလည်း မူဆယ်မြို့နယ်၊ မန်ဟီးရိုးမြို့နယ်ခွဲ ဟက်ဟင်ရွာဘက်မှာ တရုတ်ဘက်က နယ်ကျွံ စည်းရိုးကာယူထားတာကြောင့် ရွာခံတွေ ဆန္ဒပြကာ စည်းရိုးတွေကို ပြန်ဖျက်ခဲ့ကြပါတယ်။

ခုလို ခြံစည်းရိုးခတ်တာကို ဒေသခံတွေ သဘောမတူပါက မြန်မာဘက်ထွက်တဲ့ ကြံတွေကို ဝယ်ယူမှာ မဟုတ်ဘူးလို့ တရုတ်ဘက်က ‌နယ်စပ်ဒေသခံတွေကို ခြိမ်းခြောက် ဖိအားပေး ပြောဆိုတာရှိတယ်လို့လည်း  ဒေသခံတွေဆီက သိရပါတယ်။

တရုတ်ဘက်က ကိုဗစ်-၁၉ ရောဂါ အကြောင်းပြကာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြန်မာ-တရုတ် နယ်နိမိတ်တလျှောက် နေရာတော်တော်များများမှာ နယ်ခြားစည်းရိုး နယ်ကျွံကာရံယူမှုတွေ ပိုမိုများပြားလာနေပြီး စစ်တပ်အာဏာသိမ်းပြီး  နောက်ပိုင်းမှာလည်း တရုတ်ဘက်က နယ်စပ်ဒေသ‌မှာ နယ်မြေကျူးကျော်ကာ နယ်ခြားစည်းရိုးပိုမို တိုးချဲ့လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

More News
Up