Home
မြန်မာသတင်း
တောင်သာ ငွေစုငွေချေးအသင်းများအား TTA ပြောက်ကျားနှင့် PDF မြေလတ်အဖွဲ့သတိပေး
DVB
·
October 26, 2021

မန္တလေးတိုင်း တောင်သာမြို့နယ်က အသေးစားငွေချေးအဖွဲ့တွေအနေနဲ့ အာဏာသိမ်းကာလ ပြည်သူတွေ ခက်ခဲနေတာကြောင့် အတင်းအဓမ္မ ချေးငွေ ကောက်ခံတာ မလုပ်ဖို့နဲ့ ဆက်လက်ကောက်ခံနေပါက အသက်အန္တရာယ် အာမမခံဘူးလို့ တောင်သာ TTA ပြောက်ကျားနဲ့ PDF မြေလတ် အဖွဲ့တို့က ဒီကနေ့ သတိပေးလိုက်ပါတယ်။

စစ်အာဏာသိမ်းမှုကြောင့် အများပြည်သူတွေ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးမှု၊ စီးပွားရေးကြပ်တည်းမှု၊ ငွေကြေးစီးဆင်းမှု ခက်ခဲတာ၊ နယ်မြေတည်ငြိမ်အေးချမ်းမှု မရှိတာ၊ လမ်းပန်းဆက်သွယ်မှု ခက်ခဲတာ၊ ကုန်ဈေးနှုန်း မြင့်တက်တာ စတဲ့အခက်အခဲတွေကြောင့် တောင်သာမြို့အတွင်း ငွေစုငွေချေေလုပ်ငန်းအနေနဲ့ ချေးငွေထုတ်ယူထားတဲ့ ပြည်သူဆီက အတင်းအဓမ္ဓပြန်လည်တောင်းခံတာ မပြုလုပ်ကြဖို့ သက်ဆိုင်ရာ မြို့နယ်တာဝန်ခံကအစ အောက်ခြေဝန်ထမ်းအားလုံးကို ပြင်းထန်စွာ သတိပေးလိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံတော်အာဏာကို မတရားအာဏာသိမ်းထားတဲ့ကာလဖြစ်တာကြောင့် နိုင်ငံ့ဝန်ထမ်းတွေရဲ့ သက်သာချောင်ချိရေးကို ရှေးရှုပြီး ၂ လစာ ချေးငွေများ ပြန်မပေးဆပ်ဖို့လည်း  NUG စီမံကိန်း ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် အများပြည်သူများအနေနဲ့လည်း ချေးငွေ ပြန်လည်ပေးဆပ်ဖို့ မလိုအပ်ကြောင်း၊ သတိပေးစာထုတ်ပြန်ပြီး အချိန်ကစပြီး ချေးငွေများ ဆက်လက်ကောက်ခံပါက အသက်အန္တရာယ် အာမမခံနိုင်ဘူးလို့ TTA ပြောက်ကျားနဲ့ PDF မြေလတ်အဖွဲ့က ထုတ်ပြန်ထားတာပါ။

တောင်သာမှာ ငွေချေးအသင်း ၁၀ ခုအထက်ရှိနေပြီး ၁၄ ရက် တစ်ကြိမ်နဲ့ တစ်နှစ်အပြီး ငွေပြန်ကောက်တဲ့ အသင်းတွေရှိသလို တစ်လ တစ်ခါနဲ့ တစ်နှစ်ဆပ်ငွေ ကောက်ခံတဲ့ အသင်းတွေလည်း ရှိနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024