Home
မြန်မာသတင်း
မြိုင်PDF တပ်ဖွဲ့က ရဲစခန်းများကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်
DVB
·
October 26, 2021

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လင်းကတောလမ်းဆုံဂိတ် ရဲကင်းနဲ့ ဆားလင်းကြီးရဲစခန်းတွေကို အောက်တိုဘာလ ၂၄ ရက်ညက  ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ ထိခိုက်သေဆုံးသူရှိနိုင်တယ်လို့ မြိုင် PDF တပ်ဖွဲ့ကနေ သိရပါတယ်။

မြိုင်မြို့နယ် လင်းကတော လမ်းဆုံဂိတ်ကရဲကင်းကို မြိုင် PDF တပ်ဖွဲ့က ည ၉ နာရီခွဲလောက်မှာ ရှော့တိုက်ဒုံး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သလို ည ၁၁ နာရီခွဲလောက်မှာလည်း ဆားလင်းကြီး PDFနဲ့ပူးပေါင်းပြီးတော့ ဆားလင်းကြီးရဲစခန်းကို ရှော့တိုက်ဒုန်း ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြိုင်PDF တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ ရဲတွေဘက်က ထိခိုက်သေဆုံးမှုရှိနိုင်ပြီး မြိုင်PDF နဲ့ ညီနောင် မဟာမိတ်တွေဘက်က အထိခိုက်အကျဆုံး မရှိဘဲ အောင်အောင်မြင်မြင်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မြိုင်PDFတပ်ဖွဲ့အနေနဲ့ အောက်တိုဘာလအတွင်းမှာ ဇီးပြားရဲစခန်းကို တိုက်ခိုက်ခဲ့ရာမှာ ရဲ ၂ ယောက်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားသလို ရေစကြို ၂၅၇ တပ်ကို ရေစကြို PDF နဲပူးပေါင်းပြီတော့ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခဲ့ကာ  မနေ့ကလည်း ရဲကင်းတစ်ခုနဲ့ ရဲစခန်းတစ်ခုကို ရှော့တိုက်ဒုန်းနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

မြိုင်PDF အနေနဲ့ စစ်တပ်ပိုုင် မိုင်တဲလ်တာဝါတိုင် ၇ တိုင်လောက်ကို ဖောက်ခွဲမီးရှို့နိုင်ခဲ့ပြီးတော့ မြိုင်တောင်ပိုင်းမှာ တာဝါတိုင်နဲ့တွဲလျက် MRTV တာဝါတိုင်တစ်ခုကိုလည်း ဖောက်ခွဲမီးရှို့ခဲ့တယ်လို့ ပြောပါတယ်။

မြိုင်မြို့နယ်က မိဘပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ ဆက်နွှယ်တဲ့နေရာတွေ ရဲစခန်းတွေကို ရှောင်ရှားကြဖို့နဲ့ အဲဒီနေရာတွေမှာ ပြည်သူတွေရှိနေတာကြောင့် တိုက်ခိုက်တာတွေ မပြုလုပ်ဘဲ နောက်ဆုတ်ခဲ့ရတာတွေရှိတာကြောင့် PDF တွေကိုကူညီတဲ့အနေနဲ့ စစ်အုပ်စုနဲ့ ဝေးဝေးနေဖို့ တိုက်တွန်းထားပါတယ်။

တော်လှန်ရေးကာလမှာ ကျဆုံးခဲရတဲ့ မြိုင်PDF ခေါင်းဆောင်ကိုဖိုးဌေးကိုလည်း အောက်မေ့ လွမ်းဆွတ်ဂုဏ်ပြုတယ်လို့လည်း မြိုင်PDF အဖွဲ့ကပြောပါတယ်။

လက်ရှိတိုက်ပွဲကာလဟာ မိုးရာသီကာလဖြစ်တာကြောင့်  မြိုင်PDF တပ်တွေအနေနဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ဆေးဝါးတွေလိုအပ်ပြီး၊ လမ်းခရီးသွားရတာတွေ၊ သယ်ရပိုးရတာတွေ အခက်အခဲရှိ ပြီးတော့ စစ်လက်နက်ပစ္စည်းတွေလည်း လိုအပ်ချက်ရှိတယ်လို ဆိုပါတယ်။

ဆားလင်းကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ယောက်ကတော့ ဆားလင်းကြီး မြို့နယ်ထဲက အကြမ်းဖက်စစ်ကောင်စီရဲ့ထောက်တိုင် ကျေးရွာအုပ်ချုပ်ရေးမှူးတွေအားလုံး အခုလကုန် နောက်ဆုံးထားပြီး နုတ်ထွက်ပေးဖို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ပါးစေ သတင်းပေးဒလန်တွေလည်း စစ်အုပ်စုကို သတင်းပေးတာ တွေရပ်တန့်ဖို့နဲ့ သစ္စာဖောက်လောက်ကောင်အဖြစ် ဆက်လက်ရပ်တည်နေမယ်ဆိုရင် ဆားလင်းကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ SSTF အနေနဲ့ ခြေမှုန်းသွားမယ်လို့ဆိုပါတယ်။

ဒါအပြင် အကြမ်းဖက်စစ်အုပ်စုတွေဟာ ခုရက်ပိုင်းအတွင်းမှာ အိမ်စီးကား၊ ကုန်ကားတွေ အသုံးပြုပြီးဝင်ရောက်နေတာကြောင့် မိဘပြည်သူတွေအနေနဲ့ ည ၉ နာရီကနေ မနက် ၅နာရီအထိ ဖြတ်သန်းသွားလာတာတွေ မပြုလုပ်ကြဖို့ သတိပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024