မုံရွာ-မန္တလေး ကားလမ်းတွင် မိုင်းတွေ့သဖြင့် ယာယီပိတ်ထား

မုံရွာ-မန္တလေး ကားလမ်းမှာ မိုင်းတွေ့တာကြောင့် ဒီနေ့ အောက်တိုဘာ ၂၆ ရက်နေ့ မနက်ပိုင်းက စပြီး ယာယီပိတ်ခံထားရတယ်လို့ သိရပါတယ်။

“အခုမနက်ခင်း မုံရွာကနေ  မန္တလေးကိုသွားတဲ့ ကားလမ်းတွေကို စစ်ကောင်စီတပ်တွေ ပိတ်ထားလိုက်တယ်။ အခုပိတ်ထားတဲ့နေရာ မြင်းမူနားမှာ ပိတ်ထားတယ်။ အခုချိန်ထိ  ဖွင့်မပေးသေးဘူး။ သူတို့ မိုင်းရှာနေတယ်လို့ ပြောတယ်” လို့ ကားဆရာတစ်ဦးက ပြောပါတယ်။

မုံရွာ-မန္တလေး  ကားလမ်းပိတ်ထားမှုကြောင့် ကားတွေသွားလို့မရ ပိတ်နေပြီး ကားလမ်းကို ဘယ်အချိန်ပြန်ဖွင့်မယ်ဆိုတာ မသိရသေးပါဘူး။

မုံရွာမြို့ ညောင်တပင် (မြသလ္လာ)စျေးမှာလည်း စျေးကောက်တစ်ဦး အောက်တိုဘာ ၂၅ ရက် ညနေ ၃ နာရီလောက်က သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။

သေနတ်နဲ့ ပစ်သတ်ခံရသူဟာ ငွေလိုက်ကောက်နေတုန်း အမည်မသိ လူတစုက လည်ပင်းကို သေနတ် နဲ့ ၃ ချက်ပစ်ခဲ့တာဖြစ်ပြီး နေရာမှာတင် သေဆုံးသွားတာလို့ အနီးဝန်းကျင်နေ ပြည်သူတချို့က ပြောပါတယ်။

ပစ်သတ်ခံရပြီး မကြာခင် အရပ်ဝတ်လက်နက်ကိုင်စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး စစ်ဆေးတာတွေ လုပ်သွားတယ်လို့ သိရပါတယ်။

More News
Up