ဆူဒန်တွင် စစ်တပ်က အာဏာသိမ်းပြီး အစိုးရအဖွဲ့ဝင်များကို ဖမ်းဆီး

ဆူဒန်နိုင်ငံမှာ စစ်အာဏာသိမ်းမှု ဖြစ်ပုံရအပြီး မြို့တော် ခါတွန်က လမ်းတွေကို  အောက်တိုဘာ ၂၅ ရက်မှာ ပိတ်ဆို့ထားပါတယ်။

စစ်သားတွေဟာ ဆူဒန် အစိုးရအဖွဲ့ဝင်အများစုနဲ့ အစိုးရ လိုလားတဲ့ ပါတီခေါင်းဆောင် အများအပြားကို ဖမ်းဆီးခဲ့တယ်လို့ နိုင်ငံရေးသတင်းရင်းမြစ် သုံးရပ်ကို ကိုးကားပြီး ရိုက်တာ သတင်းဌာနက ဖော်ပြထားပါတယ်။

လမ်းတွေပေါ်မှာ ကားတာယာတွေကို မီးရှို့ထားပြီး လူတွေက ဆောင်ပုဒ်တွေကို ကြွေးကြော်နေတဲ့ မျက်မြင်သက်သေ ရုပ်သံတွေ လူမှုကွန်ရက်မီဒီယာပေါ် ပြန့်နေပါတယ်။

စစ်တပ်ဟာ အရပ်သားတွေအပေါ် သစ္စာဖောက်တယ်လို့ အမျိုးသားတယောက်က ပြောဆို ဆော်ဩနေပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ အရပ်ဘက် အဖွဲ့ဝင်တွေနဲ့ အစိုးရ အဖွဲ့ဝင်တွေကို ဖမ်းဆီးပြီး အမည်မသိတဲ့ နေရာတခုဆီ ခေါ်သွားတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ပြောပါတယ်။

စစ်တပ်ဆီက မှတ်ချက်တခုခု ချက်ချင်း မထွက်လာသေးပေမဲ့ ဆူဒန် အစိုးရရုပ်သံက အစီအစဉ်တွေကို ပုံမှန်ထုတ်လွှင့်နေပါတယ်။

ဆူဒန်နိုင်ငံက အသွင်ကူးပြောင်းရေး အစိုးရကို စစ်တပ်က အာဏာသိမ်းတဲ့ သတင်းတွေကြောင့် အမေရိကန် အစိုးရဟာ အလွန်ထိတ်လန့်ခဲ့တယ်လို့ အမေရိကန် အထူးသံတမန် ဂျက်ဖရီ ဖဲ့လ်တ်မဲန်းက အောက်တိုဘာ ၂၅ ရက်မှာ ပြောပါတယ်။

“စစ်တပ်က အာဏာသိမ်းတာဟာ ဆူဒန် အခြေခံဥပဒေဆိုင်ရာ ကြေညာချက်ကို ချိုးဖောက်ရာ ကျတယ်။ ဆူဒန်အပေါ် အမေရိကန်ရဲ့ အထောက်အပံ့ကိုလည်း ဘေးသင့်စေတယ်” လို့ သံတမန်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အာဖရိကရေးရာ ဗျူရိုရဲ့ တရားဝင်တွစ်တာအကောင့်ကနေ သတိပေးခဲ့ပါတယ်။

ဖဲ့လ်တ်မဲန်းဟာ ဝန်ကြီးချုပ် အဘ်ဒါလာဟမ်းဒေါ့၊ အချုပ်အခြာကောင်စီ အကြီးအကဲ ဗိုလ်ချုပ်ကြီး အဘ်ဒယ်ဖှာတာ အယ်လ်ဘာဟန်နဲ့ သူ့လက်ထောက် ဗိုလ်ချုပ်ကြီး မိုဟာမဒ်ဟမ်ဒန်ဒါဂါလိုတို့နဲ့ သီတင်းပတ် ကုန်ရက်က ခါတွန်မြို့မှာ တွေ့ဆုံပါတယ်။

အရပ်သား အုပ်ချုပ်ရေးဆီ ဒီမိုကရေစီနည်းကျ အသွင်ကူးပြောင်းရေးအတွက် အမေရိကန် အစိုးရက ထောက်ပံ့ကူညီတဲ့အကြောင်းလည်း  ရှင်းရှင်းလင်းလင်း ပြောပါတယ်။

More News
Up