လက်ဘနွန်တွင် ကားဗုံးကွဲ၊ ၆ ဦး သေဆုံး

773
လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ တောင်ပိုင်းဆင်ခြေဖုံမှာ ကားဗုံးကွဲမှုအတွင်း လူအနည်းဆုံး ၆ ယောက် သေဆုံးပြီး ၇၀ ကျော် ဒဏ်ရာရသွားပါတယ်။
ဟစ်စ္စဘိုလာတွေရဲ့ အမာခံနယ်မြေထဲမှာ ဇန်န၀ါရီ ၂ ရက်နေ့ ညနေ ၄ နာရီ ၀န်းကျင်မှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာ ဖြစ်ပါတယ်။
ပေါက်ကွဲမှု ဖြစ်ပြီးပြီးချင်းမှာပဲ လက်ဘနွန်စစ်သားတွေနဲ့ ဟစ်စ္စဘိုလာတွေက ပေါက်ကွဲမှု ဖြစ်တဲ့ နေရာကို ပိတ်ထားလိုက်ကြပါတယ်။
ပေါက်ကွဲသံက အတော်ကျယ်သလို အပျက်အစီးတွေလည်း နေရာအနှံ့ ပြန့်ကျဲနေတာ တွေ့ရတယ်လို့ မျက်မြင်တယောက်က ပြောပါတယ်။
လက်ဘနွန်မီဒီယာတွေမှာတော့ အားကစားပစ္စည်းတွေတင်တဲ့ ကားတစီးပေါ်ကနေ ကီလိုဂရမ် ၂၀ လောက် လေးတဲ့ ဗုံးတလုံး ပေါက်ကွဲခဲ့တာလို့ ဖော်ပြပါတယ်။
ဟစ်စ္စဘိုလာအဖွဲ့ကတော့ တိုက်ခိုက်မှုဟာ သူတို့အဖွဲ့ဝင်တွေကို ပစ်မှတ်ထားတာ မဟုတ်ဘူးလို့ ကြေညာချက် ထုတ်ပြန်ပါတယ်။
ဟစ်စ္စဘိုလာအဖွဲ့ဝင်တယောက်ကတော့ ဒါဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မလိုလားသူတွေရဲ့လက်ချက်လို့ ပြောပါတယ်။ အခု ပေါက်ကွဲမှုဟာ ၁ ပတ်အတွင်း ဒုတိယမြောက် ကားဗုံး ပေါက်ကွဲမှု ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ၂၇ ရက်နေ့ကလည်း ဘေရွတ်မြို့လယ် ကားဗုံးကွဲမှုအတွင်းမှာ လက်ဘနွန် ဘဏ္ဍာရေးဝန်ကြီးဟောင်း သေဆုံးသွားပါတယ်။