မူးယစ်မှောင်ခို ခေါင်းဆောင်ကို ကိုလံဘီယာ ဖမ်းဆီးရမိ

ကိုလံဘီယာ လက်နက်ကိုင်တပ်တွေဟာ အိုတိုနီယယ်လို့ သိကြတဲ့ မူးယစ်မှောင်ခို ခေါင်းဆောင် ဒိုင်ရို အန်တိုနီယို အူစူဂါကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ဒါဟာ ပါဘလို အက်စ်ကိုဘာ သေဆုံးအပြီး အင်ဒီးစ်တောင်တန်းဒေသအတွင်း မူးယစ်မှောင်ခို လောကအပေါ် အကြီးဆုံး ထိုးနှက်ချက်ပဲလို့ သမ္မတ အိုင်ဗန်ဒူကေးက  အောက်တိုဘာ ၂၃ ရက်မှာ ပြောပါတယ်။

အသက် ၅၀ အရွယ် အိုတိုနီယယ်ကို ကိုလံဘီယာနိုင်ငံ၊ အန်တီယိုကွီယာပြည်နယ်၊ အူရာဘာဒေသ ကျေးလက်ဧရိယာမှာ အိုစီးရစ် စစ်ဆင်ရေးအတွင်း ဖမ်းမိခဲ့တာပါ။

 သူဟာ အမေရိကန်နိုင်ငံထဲကို ကိုကင်း သင်္ဘောဒါဇင်ချီ တင်ပို့ခဲ့ပြီး ရဲအရာရှိတွေကို သတ်ဖြတ်မှု၊ ကလေး ဂိုဏ်းသား စုဆောင်းမှုနဲ့ တခြား ရာဇဝတ်တွေအတွင်းမှာ ကလေးတွေကို ကာမဆိုင်ရာ အလွဲသုံးစားလုပ် နှိပ်စက်မှုတွေနဲ့ စွပ်စွဲခံထားရတယ်လို့ သမ္မတက ဆက်ပြောပါတယ်။

ကိုလံဘီယာ အစိုးရဟာ သူဘယ်မှာရှိတယ်ဆိုတဲ့ သတင်းအချက်အလက်ကို ပေးနိုင်ရင် အမေရိကန်ဒေါ်လာ ၈ သိန်းနဲ့ ညီမျှတဲ့ ကိုလံဘီယာ ပီဆိုငွေ ၃ ဘီလီယံ ပေးမယ်လို့ ဆုကြေး ထုတ်ထားပါတယ်။

အမေရိကန်အစိုးရကတော့ သူ့နေရာကို သတင်းပေးရင် အမေရိကန်ဒေါ်လာ ၅ သန်းပေးမယ်လို့ ဆုငွေ ထုတ်ထားခဲ့ပါတယ်။

အိုတိုနီယယ်ဟာ လက်နက်ကိုင် ယောက်ျား အယောက် ၁၂၀၀ လောက်ပါဝင်တဲ့ ကလန်ဒယ်လ် ဂေါဖှို မူးယစ်မှောင်ခို အုပ်စုကို ဦးဆောင်သူပါ။

အဖွဲ့ဝင်အများစုက စစ်တပ် အရံတပ်ဖွဲ့ဝင်ဟောင်း လက်ယာစွန်းဝါဒီတွေဖြစ်ပြီး ကိုလံဘီယာ နိုင်ငံရဲ့ ပြည်နယ် ၃၂ ခုအနက် ပြည်နယ်ဆယ်ခုမှာ အဖွဲ့ဝင်တွေ ရှိနေပြီး တရားမဝင် သတ္ထုတူးဖော်ရေးမှာ ပါဝင်ပတ်သက်နေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

နိုင်ငံတလွှား လူ့အဖွဲ့အစည်းခေါင်းဆောင်တွေကို သတ်ဖြတ် ခြိမ်းခြောက်တယ်လို့လည်း အစိုးရက စွပ်စွဲထားပါတယ်။ 

More News
Up