ပြန်လွှတ်ပေးလိုက်တဲ့အထဲ ကွန်ပျူတာတက္ကသိုလ်ကျောင်သား အောင်ခန့်ပိုင်မိုး အပါအဝင် ကျောင်းသား ၃ ဦးကို ချန်ထားသဖြင့် ပြစ်တင်ရှုတ် ချကြောင်း မိတ္ထီလာအခြေစိုက်တက္ကသိုလ်ကျောင်းသားသမဂ္ဂများကွန်ရက်က ထုတ်ပြန်ထားပါတယ်။
မန္တလေးတိုင်း သာစည်မြို့နယ် အမှတ် (၇) ရပ်ကွက်ရှိ နဘဲရွှေထီးဘုရားဝင်းအတွင်း နေထိုင်ကြတဲ့ သာစည်မီးရထား CDM ဝန်ထမ်းတွေကို အောက်တိုဘာ ၂၂ ရက်ညက စစ်တပ်က ဖမ်းဆီးစစ်ဆေးကာ အောက်တိုဘာ ၂၃ ရက်နေ့မှာ ပြန်လွှတ်ပေးလိုက်တာဖြစ်ပြီး ကျောင်းသား ၃ ဦးမပါတဲ့အတွက် အခုလို ကြေညာချက် ထုတ်ပြန်လိုက်တာပါ။
သာစည်မြို့ခံတစ်ဦးက “ဘုရားဝင်းထဲမှာ မီးရထားဝန်ထမ်းအိမ်ထောင်စု ၅၀ လောက် နေနေတယ်။ ၂၇ ယောက်ကို စစ်တပ်က ဖမ်းဆီးစစ်ဆေးတယ်၊ နောက်ရက်မှာ ၂၄ ယောက်တော့ ပြန်လွှတ်ပေးလိုက်တယ်၊ ကျောင်းသား ၃ ယောက်ကိုတော့ အခုထိပြန်မလွှတ်သေးဘူး” လို့ ပြောပါတယ်။
သာစည်မှာ အုပ်ချုပ်ရေးမှူးများအိမ်၊ ထွေအုပ်ရုံး၊ မြန်မာ့စီးပွားရေးဘဏ်၊ စစ်ကောင်စီနဲ့ ပူးပေါင်းသူတွေရဲ့ အိမ်တွေမှာ ဗုံးပေါက်ကွဲတာတွေ ဖြစ်ခဲ့ပြီးနောက် စစ်ဆေးမှုတွေ ပိုလုပ်ဆောင်လာတာ ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။