ကယားပြည်နယ်၊ လွိုင်ကော်ကနေ ဖယ်ခုံဆီ ချီတက်လာတဲ့ စစ်ကောင်စီတပ်ယာဉ်တန်းကို မိုးဗြဲ PDF နဲ့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်က ပူးပေါင်းတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံးပြီး အများအပြားဒဏ်ရာရရှိတယ်လို့ မိုးဗြဲ PDF က သတင်းထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၂၄ ရက်က မနက် ၇ နာရီလောက်က စစ်သားအင်အား ၅၀ ဝန်းကျင်လောက် တင်ဆောင်လာတဲ့ စစ်ကား ၅ စီးကို တိုက်ခိုက်ခဲ့တာလို့ မိုးဗြဲ PDF က ပြောပါတယ်။
“ဖယ်ခုံ ၃၃၆ တပ်ကို ကင်ပုန်းကို ဖယ်ခုံ PDF က ဝင်ပစ်ပြီး ရဲဘော်တွေက သေသွားတယ်။ အဲဒါ လွိုင်ကော်တပ်က စစ်ခွေးတွေက ဖယ်ခုံကို အင်အားဖြည့်ဖို့လာတာ။ အဲမှာ လွိုင်ကော်နဲ့ ဖယ်ခုံကြားမှာဆိုရင် မိုးဗြဲရှိတယ်။ အဲဒီမိုးဗြဲ လာနေတဲ့အချိန်မှာ ကျနော်တို့ မိုးဗြဲ PDF နဲ့ KNDF BO-3 ပူးပေါင်းပြီးတော့ ဖြတ်တိုက်တဲ့ သဘောပေါ့နော်။ သူတို့က ကားတွေနဲ့ လာကြတာဗျာ။ ကျနော်တို့က စောင့်ပြီးတော့ တရစပ်ကို ပစ်ခဲ့တာပေါ့နော်။ ”
ဖယ်ခုံမြို့နယ်ရှိ စစ်ကောင်စီရဲ့ ခမရ ၃၃၆ တပ်ကို ဖယ်ခုံ PDF က အောက်တိုဘာ ၂၂ ရက် ည ၉ နာရီခွဲ မှာ ဝင်ရောက်ပစ် ခတ်ခဲ့ပြီး ကင်းစောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးကာ လက်နက် ၅ လက် သိမ်းဆည်းရမိကြောင်း ဖယ်ခုံ PDF က သတင်းထုတ်ပြန်ထားခဲ့ပါတယ်။
ဒီရဲနောက်ဆက်တဲ့အနေနဲ့ ဖယ်ခုံ ကို စစ်အင်အားဖြည့်ဖို့လာတဲ့ စစ်ကောင်စီကားကို မိုးဗြဲ PDF နဲ့ပူးပေါင်းတပ်က ဖြတ်တိုက်ခိုက်ခဲ့တာတာဖြစ်ပါတယ်။
ဒီလို နှစ်ဖက်အကြား တိုက်ပွဲ ၁၅ မိနစ်ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက် ၁၀ ဦးထက်မနည်း သေးဆုံး ထိခိုက်ဒဏ်ရာရရှိမှုလည်း ရှိကြောင်း ပြောပါတယ်။
ရှမ်း-ကယားနယ်စပ်၊ မိုးဗြဲမြို့မှာ အောက်တိုဘာ ၂၄ ရက်မနက် ၇ နာရီလောက်က စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကလေး၂ ဦးအပါအဝင် အရပ်သား ၆ ယောက်လောက်ဒဏ်ရာရပြီး အဲဒီထဲက အမျိုးသမီး ၁ ယောက် သေဆုံးသွားပါတယ်။
စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အတွက် မိုးဗြဲအခြေစိုက် စစ်ကောင်စီတပ် ခလရ ၄၂၂ တပ်ရင်းကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်ခတ်တဲ့အတွက် မိုးဗြဲမြို့၊ စည်ကား ၁ ရပ်ကွက်နဲ့ စည်ကား ၃ ရပ်ကွက်တွေမှာ လက်နက်ကြီးကျည်ကျ ရောက်ပေါက်ကွဲပြီး ကလေးငယ်တွေအပါအဝင် ၆ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါ့အပြင် လက်နက်ကြီးကျည်စ ထိမှန်လို့ အသက် ၆၀ အရွယ် အမျိုးသမီးတဦးလည်း သေဆုံးခဲ့ကြောင်း မိုးဗြဲကယ်ဆယ်ရေးအဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။
ဒီလိုအရပ်သားထိခိုက်သေဆုံးရမှုနဲ့ပတ်သက်ပြီး မိုးဗြဲ PDF တာဝန်ရှိသူက “ကျနော်တို့ တပ်သားတွေအကုန်လုံးက ဆုတ်ခွာသွားပြီး မိုးဗြဲမှာမရှိတော့ဘူး။ အဲဒါလည်း သူတို့က လက်နက်ကြီးတွေနဲ့ ပစ်တယ်ပေါ့နော်။ သူတို့ရဲ့ပုံစံကတော့ PDF က သူတို့ကို ပစ်လို့ ပြည်သူတွေကို ပြန်ပစ်တယ်။ ပြည်သူတွေ အထိနာတယ်ပေါ့ဗျာ။ ပြည်သူတွေ ဘာလို့နာလဲ၊ PDF က သူတို့ကိုလာတိုက်လို့ သူတို့အဲလို လုပ်တဲ့ပေါက်မျိုးပေါ့နော်။ ”
မနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မိုးဗြဲမြို့နယ် ပြည်သူ ၂၀ ရာခိုင်နှုန်းကတော့ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ မိုးဗြဲ လူမှုကယ်ဆယ်ရေး အဖွဲ့ဝင်တယောက်က ပြောပါတယ်။