Home
မြန်မာသတင်း
စစ်ကောင်စီယာဉ်တန်းကို မိုးဗြဲကရင်နီပူးပေါင်းတပ်တိုက်ခိုက်၊ ၁၀ ဦးထက် မနည်း သေဆုံး
DVB
·
October 25, 2021

ကယားပြည်နယ်၊ လွိုင်ကော်ကနေ ဖယ်ခုံဆီ ချီတက်လာတဲ့  စစ်ကောင်စီတပ်ယာဉ်တန်းကို မိုးဗြဲ PDF နဲ့  ကရင်နီပြည်သူ့ကာကွယ်ရေးတပ်က ပူးပေါင်းတိုက်ခိုက်ခဲ့လို့  စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံးပြီး အများအပြားဒဏ်ရာရရှိတယ်လို့ မိုးဗြဲ PDF က သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂၄ ရက်က မနက် ၇ နာရီလောက်က စစ်သားအင်အား  ၅၀ ဝန်းကျင်လောက်  တင်ဆောင်လာတဲ့ စစ်ကား ၅ စီးကို တိုက်ခိုက်ခဲ့တာလို့ မိုးဗြဲ PDF က ပြောပါတယ်။

 “ဖယ်ခုံ ၃၃၆ တပ်ကို ကင်ပုန်းကို ဖယ်ခုံ PDF က ဝင်ပစ်ပြီး ရဲဘော်တွေက သေသွားတယ်။ အဲဒါ လွိုင်ကော်တပ်က စစ်ခွေးတွေက ဖယ်ခုံကို အင်အားဖြည့်ဖို့လာတာ။ အဲမှာ လွိုင်ကော်နဲ့ ဖယ်ခုံကြားမှာဆိုရင် မိုးဗြဲရှိတယ်။ အဲဒီမိုးဗြဲ လာနေတဲ့အချိန်မှာ ကျနော်တို့ မိုးဗြဲ PDF နဲ့ KNDF BO-3 ပူးပေါင်းပြီးတော့ ဖြတ်တိုက်တဲ့ သဘောပေါ့နော်။ သူတို့က ကားတွေနဲ့ လာကြတာဗျာ။ ကျနော်တို့က စောင့်ပြီးတော့ တရစပ်ကို ပစ်ခဲ့တာပေါ့နော်။ ”

  ဖယ်ခုံမြို့နယ်ရှိ စစ်ကောင်စီရဲ့ ခမရ ၃၃၆ တပ်ကို ဖယ်ခုံ PDF က  အောက်တိုဘာ ၂၂ ရက် ည ၉ နာရီခွဲ မှာ ဝင်ရောက်ပစ် ခတ်ခဲ့ပြီး ကင်းစောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးကာ လက်နက် ၅ လက် သိမ်းဆည်းရမိကြောင်း ဖယ်ခုံ PDF က သတင်းထုတ်ပြန်ထားခဲ့ပါတယ်။

ဒီရဲနောက်ဆက်တဲ့အနေနဲ့ ဖယ်ခုံ ကို စစ်အင်အားဖြည့်ဖို့လာတဲ့ စစ်ကောင်စီကားကို မိုးဗြဲ PDF နဲ့ပူးပေါင်းတပ်က ဖြတ်တိုက်ခိုက်ခဲ့တာတာဖြစ်ပါတယ်။

ဒီလို နှစ်ဖက်အကြား တိုက်ပွဲ ၁၅ မိနစ်ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက် ၁၀ ဦးထက်မနည်း သေးဆုံး ထိခိုက်ဒဏ်ရာရရှိမှုလည်း ရှိကြောင်း ပြောပါတယ်။

ရှမ်း-ကယားနယ်စပ်၊ မိုးဗြဲမြို့မှာ အောက်တိုဘာ ၂၄ ရက်မနက် ၇  နာရီလောက်က စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကလေး၂ ဦးအပါအဝင် အရပ်သား ၆ ယောက်လောက်ဒဏ်ရာရပြီး  အဲဒီထဲက အမျိုးသမီး ၁ ယောက် သေဆုံးသွားပါတယ်။

စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အတွက်  မိုးဗြဲအခြေစိုက် စစ်ကောင်စီတပ် ခလရ ၄၂၂ တပ်ရင်းကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်ခတ်တဲ့အတွက် မိုးဗြဲမြို့၊ စည်ကား ၁ ရပ်ကွက်နဲ့ စည်ကား ၃ ရပ်ကွက်တွေမှာ လက်နက်ကြီးကျည်ကျ ရောက်ပေါက်ကွဲပြီး  ကလေးငယ်တွေအပါအဝင် ၆ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် လက်နက်ကြီးကျည်စ ထိမှန်လို့ အသက် ၆၀ အရွယ် အမျိုးသမီးတဦးလည်း သေဆုံးခဲ့ကြောင်း  မိုးဗြဲကယ်ဆယ်ရေးအဖွဲ့က တာဝန်ရှိသူက  ပြောပါတယ်။

ဒီလိုအရပ်သားထိခိုက်သေဆုံးရမှုနဲ့ပတ်သက်ပြီး မိုးဗြဲ PDF တာဝန်ရှိသူက “ကျနော်တို့ တပ်သားတွေအကုန်လုံးက ဆုတ်ခွာသွားပြီး မိုးဗြဲမှာမရှိတော့ဘူး။ အဲဒါလည်း သူတို့က လက်နက်ကြီးတွေနဲ့ ပစ်တယ်ပေါ့နော်။ သူတို့ရဲ့ပုံစံကတော့ PDF က သူတို့ကို ပစ်လို့ ပြည်သူတွေကို ပြန်ပစ်တယ်။ ပြည်သူတွေ အထိနာတယ်ပေါ့ဗျာ။ ပြည်သူတွေ ဘာလို့နာလဲ၊ PDF က သူတို့ကိုလာတိုက်လို့ သူတို့အဲလို လုပ်တဲ့ပေါက်မျိုးပေါ့နော်။  ”

မနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မိုးဗြဲမြို့နယ် ပြည်သူ ၂၀ ရာခိုင်နှုန်းကတော့ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ မိုးဗြဲ လူမှုကယ်ဆယ်ရေး အဖွဲ့ဝင်တယောက်က ပြောပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024