အငြင်းပွားနယ်စပ်တွင် ရေနံမတူးရန် အစ္စ‌ရေးကို ဟဇ်ဘိုလာ သတိပေး

လက်ဘနွန်နဲ့ အစ္စရေး နှစ်နိုင်ငံကြား ပင်လယ်နယ်စပ် အငြင်းပွားနေတဲ့ နေရာမှာ ရေနံနဲ့ ဓာတ်ငွေ့ မတူးဖို့ အစ္စရေးကို လက်ဘနွန်နိုင်ငံက ဟဇ်ဘိုလာ တပ်ဖွဲ့ခေါင်းဆောင်က အောက်တိုဘာ ၂၂ ရက်မှာ သတိပေးလိုက်ပါတယ်။

တကယ်လို့ တူးခဲ့ရင် အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ ဟဇ်ဘိုလာအုပ်စုက အရေးယူမယ်လို့လည်း ပြောပါတယ်။

“တကယ်လို့ ရန်သူက ဒီအရေးကို အဖြေမရှာရသေးခင် အငြင်းပွားဧရိယာမှာ သူတို့စိတ်ကြိုက် လုပ်နိုင်တယ်လို့ ထင်ရင် သူတို့မှားတယ်” လို့ ဟဇ်ဘိုလာတပ်ဖွဲ့ခေါင်းဆောင် ဆေးယတ် ဟတ်ဆန် နတ်စ်ရာလာက ရုပ်သံမိန့်ခွန်းအတွင်း ပြောပါတယ်။

အစ္စရေးက အမေရိကန် ရေနံမြေ ဝန်ဆောင်မှုအုပ်စု ဟောလီဘာတွန်ကို မြေထဲပင်လယ်အတွင်း ကမ်းလွန် ရေနံတူးခွင့်ပေးခဲ့အပြီး နိုင်ငံတကာ လူ့အဖွဲ့အစည်းအတွင်း တခြားလူတွေနဲ့ ကုလ အမြဲတမ်း ကိုယ်စားလှယ်တို့ဆီ လက်ဘနွန်အစိုးရက မေးခွန်းထုတ်ခဲ့ပါတယ်။

အငြင်းပွားဒေသထဲမှာ ရေနံတူးဖော်မလားဆိုတာ ရှင်းပြဖို့ကိုလည်း မေးခဲ့ပါတယ်။

အစ္စရေးနဲ့ လက်ဘနွန်ဟာ ပိုင်နက်ရေပြင် သတ်မှတ်ရေးမှာ ငြင်းခုံနေကြပြီး ရန်ဘက်ဟောင်း နှစ်နိုင်ငံကြား ညှိနှိုင်းမှုတွေကနေ လက်ဘနွန်ဟာ တန်ဖိုးရှိတဲ့ ဓာတ်ငွေ့သိုက်ကို တူးဖော်ခွင့် ရသွားနိုင်တယ်လို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။

လက်ဘနွန်ဟာ လောလောဆယ် သမိုင်းမှာ အဆိုးဆုံး ဘဏ္ဍာရေးအကျပ်အတည်းကို ရင်ဆိုင်နေရပါတယ်။

အစ္စရေးကတော့ ကြီးမားတဲ့ ကမ်းလွန် လောင်စာသိုက်တွေကနေ ဓာတ်ငွေ့တွေကို စုပ်ထုတ်နေပါပြီ။

နှစ်နိုင်ငံလုံးက ဒီအရေးကို ဖြေရှင်းဖို့ ကြိုးစားရေး အောက်တိုဘာကတည်းက အမေရိကန်က ကြားဝင် ဖျန်ဖြေ ဆွေးနွေးပေးနေပါတယ်။

More News
Up