မန်ယူအသင်း လီဗာပူးကို ၅ ဂိုးပြတ်ရှုံး၊ ခက်ခဲပြီး နိမ့်ပါးသည့်အခြေအနေရောက်နေဟု ဆိုးလ်ရှားပြော

မန်ချက်စတာယူနိုက်တက်အသင်းရဲ့အခြေအနေက နိမ့်ပါးတဲ့အခြေအနေရောက်နေလို့ အရှုံးပေးဖို့ နီးစပ်လာပြီလို့ နည်းပြဆိုးလ်ရှားကပြောပါတယ်။
လီဗာပူးအသင်းကို ၅ ဂိုး ဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ အသင်းကိုဆက်ပြီး ကိုင်တွယ်သွားသင့်သလားဆိုတဲ့ မေးခွန်းအပေါ် အရှုံးပေးဖို့ အလွန်နီးစပ်နေပြီလို့ ဆိုးလ်ရှားက မှတ်ချက်ပေးခဲ့ပါတယ်။
“အခုချိန်မှာအရှုံးပေးဖို့ ပိုနီးစပ်လာတယ်။ ခက်ခဲပြီး နိမ့်ပါးတဲ့ အခြေအနေရောက်နေတယ်ဆိုတာ ကျွန်တော်တို့သိတယ်။ ဒီအခြေအနေ ထက်ဆိုးတာလည်း မရှိတော့ဘူး။ ကျနော်တို့ ဘယ်လိုပြန်လည်ရယူမလဲဆိုတာ ဆက်ကြည့်ရအောင်ပါ။”
အသင်းရဲ့ရှုံးပွဲနဲ့ ပတ်သက်လို့ မိမိမှာသာ တာဝန်ရှိပြီး တခြားနည်းပြအဖွဲ့ဝင်တွေက အလွန်ထူးချွန်သူတွေဖြစ်ကြောင်း၊ လီဗာပူးလိုအသင်းနဲ့ပွဲမှာ နေရာလွတ်တွေ အများကြီးပေးခဲ့တာ ကမဖြစ်သင့်ကြောင်း နည်းပြဆိုးလ်ရှားက သုံးသပ်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွိုယားကတော့ ပရိသတ်တွေကို တောင်းပန်ကြောင်းနဲ့ အသင်းအတွက် လုံလောက်တဲ့စွမ်းဆောင်ရည်မရှိခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။