ကန်ကြီးထောင့်တွင်း စစ်ကောင်စီကင်းလှည့်ကား တိုက်ခိုက်ခံရသဖြင့် ၃ ဦးသေဆုံး

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့၊ ကညင်ငူကျေးရွာအနီးမှာ အောက်တိုဘာ ၂၄ ရက်  ညနေ ၆ နာရီကျော်က စစ်ကောင်စီ လှည့်ကင်းကားတစ်စီး လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး ၃ ဦးသေဆုံးကာ ၂ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

လက်ပစ်ဗုံးနဲ့ လှည့်ကင်းကားအပစ်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ပစ်ခဲ့တဲ့အတွက် လက်ပစ်ဗုံးပစ်သူ အမည်မသိအမျိုးသားတစ်ဦးလည်း သေဆုံးခဲ့ပါတယ်။

“ကင်းလှည့်တဲ့စစ်ကားကို ဆိုင်ကယ်နဲ့ ကောင်လေးနှစ်ယောက် လက်ပစ်ဗုံးနဲ့လာပစ်တာ။ စစ်ကားပေါ်ကနေ သေနတ်နဲ့ပြန်ပစ်လို့ ဆိုင်ကယ်နောက်ထိုင်ကောင်လေး ထိသွားတယ်။ ပြုတ်ကျတဲ့ ကောင်လေးကို ဝိုင်းရိုက်တယ်။ သေနတ်နဲ့လည်း ပစ်တယ်လို့ကြားတယ်။ ကောင်လေးသေသွားပြီ။ ဗုံးကွဲလို့စစ်တပ်ဘက်ကလည်း ၃ ယောက်သေတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

စစ်ကားဗုံးပေါက်အပြီး သေဆုံးသူနဲ့ ဒဏ်ရာရသူအခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဧရာဝတီတိုင်းအတွင်းမှာ  စစ်ကောင်စီ လှည့်ကင်းယာဉ် ဗုံးခွဲတိုက်ခိုက်ခံရတာ  ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

More News
Up