တောင်ဆူဒန်တွင် တိုက်ခိုက်မှုများ ဆက်ဖြစ်

တောင်ဆူဒန်နိုင်ငံမှာ အစိုးရနဲ့ သူပုန်တို့ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ကြားက အောက်ခြေမှာတော့ တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ မအောင်မြင်ရင် ငြိမ်းချမ်းရေး ထိန်းသိမ်းနိုင်ဖို့ ပြင်ပက စစ်ရေးအကူအညီကို တောင်းခံသွားမယ်လို့ တောင်ဆူဒန်အစိုးရက ပြောပါတယ်။ unity11-3-e72c3ဒုတိယသမ္မတဟောင်း ရိဒ်မာချာ ဦးဆောင်တဲ့ သူပုန်တွေက အချက်အချာကျတဲ့ ဘိုးမြို့ကို သိမ်းပိုက်ထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့နောက်မှာ နိုင်ငံခြားရေးဝန်ကြီး ဘာနာဘာ မာရီရယ် ဘင်ဂျမင်းက အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ သူပုန်တွေက မြို့တော် ဂျူဘားကိုလည်း တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။ သမ္မတ ဆေးဗားလ်ကီးကတော့ သူပုန်တွေကို နှိမ်နင်းနိုင်ဖို့ အိမ်နီးချင်းနိုင်ငံတွေဆီက အကူအညီတွေကို တောင်းခံနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ တကယ်လို့ သူပုန်တွေဘက်က အပစ်အခတ်ရပ်ရေးကို လက်မခံရင် ပြင်ပက စစ်ရေးအရ ကြားဝင်မှုကို တောင်းခံသွားမယ်လို့လည်း ပြောပါတယ်။ လောလောဆယ်မှာတော့ တောင်ဆူဒန်နိုင်ငံထဲမှာ အီသီယိုပီးယား၊ အီရီထရီးယား၊ ကင်ညာနဲ့ ယူဂန်ဒါက ပြည်သူတွေ ရှိနေလို့ ဒီနိုင်ငံ အစိုးရတွေက သူတို့ နိုင်ငံသားတွေ ထိခိုက်မှာကို စိုးရိမ်နေကြတယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ တောင်ဆူဒန်အစိုးရရဲ့ သူပုန်တွေဘက်က ကိုယ်စားလှယ်တွေဟာ ပဋိပက္ခတွေ အဆုံးသတ်နိုင်ဖို့ ရည်ရွယ်တဲ့ ဆွေးနွေးပွဲတွေအတွက် အီသီယိုးပီးယား မြို့တော်ကို ရောက်နေပါတယ်။ အခုအထိ ပဋိပက္ခအတွင်း လူ ၁၀၀၀ ကျော် သေဆုံးပြီး ၂ သိန်းနီးပါး အိုးအိမ်တွေကနေ စွန့်ခွာနေရပေမယ့် အောက်ခြေမှာ နှစ်ဖက်စလုံးက ကျေအေးမယ့် အရိပ်အယောင်တော့ မရှိသေးပါဘူး။

//
More News
Up