မြန်မာအမျိုးသမီးအသင်း အာရှဖလားခြေစစ်ပွဲ ၅ ကြိမ်မြောက် အောင်မြင်









မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းဟာ ဒီကနေ့မွန်းလွဲပိုင်းမှာ ကစားခဲ့တဲ့ ယူအေအီးနဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ၂ ဂိုး ဂိုးမရှိနဲ့အနိုင်ရခဲ့ပြီး အာရှဖလားခြေစစ်ပွဲကို ၅ ကြိမ်မြောက် အောင်မြင်ခဲ့ပါတယ်။
မြန်မာအမျိုးသမီးအသင်းဟာ အာရှခြေစစ်ပွဲစဉ်တွေကို ကာဂျစ္စတန်နိုင်ငံ ဘီရှက်မြို့မှာ သွားရောက်ကစားနေတာပါ။
အောက်တိုဘာ ၁၈ ရက်က လက်ဘနွန်နဲ့ပွဲမှာ ၄ ဂိုးဂိုးမရှိနဲ့အနိုင်ရခဲ့သလို အောက်တိုဘာ ၂၁ ရက်ကလည်း ဂူအမ်ကို ၈ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ အုပ်စုပွဲစဉ်တွေအပြီးမှာ ၃ ပွဲကစား ၃ ပွဲနိုင်ရလဒ်နဲ့ အုပ်စုပထမရခဲ့ပြီး ခြေစစ်ပွဲအောင်မြင်ခဲ့တာဖြစ်ပါတယ်။
အမျိုးသမီးအာရှဖလား ခြေစစ်ပွဲစဉ်တွေမှာ အုပ်စု ၈ ခု ခွဲကာယှဉ်ပြိုင်ကစားခဲ့ပြီး အုပ်စုပထမ ၈ သင်းက အိမ်ရှင် အိန္ဒိယ၊ လက်ရှိချန်ပီယံ ဂျပန်၊ ဒုတိယရ ဩစတြေးလျ၊ တတိယရ တရုတ်အသင်းတွေနဲ့အတူ စုစုပေါင်း ၁၂ သင်းက နောက်ဆုံးအဆင့်ပွဲတွေ ယှဉ်ပြိုင်ကြမှာပါ။
အဲဒီနောက်ဆုံးအဆင့်ပွဲစဉ်တွေကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၀ ရက်ကနေ ဖေဖော်ဝါရီ ၆ ရက်အထိ အိန္ဒိယနိုင်ငံမှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
မြန်မာအမျိုးသမီးအသင်းဟာ အာရှဖလားနောက်ဆုံးအဆင့်ကို ၂၀၀၃၊ ၂၀၀၆၊ ၂၀၁၀ နဲ့ ၂၀၁၄ ခုနှစ်ပြိုင်ပွဲတွေမှာလည်း ခြေစစ်ပွဲအောင်မြင်ပြီး ယှဉ်ပြိုင်ခွင့်ရခဲ့ဖူးပါတယ်။