Sunday, June 11, 2023
HomeLead Storyမအူပင် EPC နှင့် ကညနရုံးရှေ့ ဗုံးပေါက်ကွဲ၊ ကန်ကြီးထောင့်၌ ရွာ ၁ ရွာကို စစ်တပ်က ငွေ ၃...

မအူပင် EPC နှင့် ကညနရုံးရှေ့ ဗုံးပေါက်ကွဲ၊ ကန်ကြီးထောင့်၌ ရွာ ၁ ရွာကို စစ်တပ်က ငွေ ၃ သိန်း ဆက်ကြေးတောင်း

ဧရာ၀တီတိုင်း၊ မအူပင်မြို့မှာ အောက်တိုဘာလ ၂၃ ရက်နေ့ညပိုင်းက EPC ရုံးနဲ့ ကညန ရုံးရှေ့တွေမှာ ဗုံး ၂ လုံး ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။ 

မအူပင်မြို့မှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ထိန်းချုပ်ဖို့အတွက် စစ်အုပ်စု ပုဒ်မ ၁၄၄ ထုတ်ထားပေမဲ့ EPC ရုံးနဲ့ ခရိုင်ကညန ရုံးရှေ့တွေမှာ ဗုံးခွဲခဲ့တယ်လို့ မြစ်ဝကျွန်းပေါ် ပြောက်ကျားစစ်ဆင်ရေး တပ်ပေါင်းစုက တာဝန်ရှိသူကပြောပါတယ်။ 

“ဒေသခံတွေကို အတင်းအကျပ် အခွန်ကောက်တာတွေ လုပ်နေလို့ သတိပေးတဲ့အနေနဲ့ ဖောက်ခွဲခဲ့တာပါ။ နောက်ဆိုရင်တော့ အပြင်မှာ မဖောက်တော့ဘူး။ ဒါ နောက်ဆုံးသတိပေးတဲ့အနေနဲ့ ခွဲတာ ဖြစ်တယ်”လို့ ပြောပါတယ်။

လုံခြုံရေးတိုးမြှင့်ထားတဲ့ ကြားထဲက ရုံးရှေ့တွေမှာ ဗုံးခွဲတာကို မအူပင်မြို့ပြပြောက်ကျားတပ်ဖွဲ့နဲ့ မြစ်ဝကျွန်း ပေါ်ပြောက်ကျားစစ်ဆင်ရေးတပ်ပေါင်းစု ပူးပေါင်းပြီး ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။ 

မအူပင်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အောက်တိုဘာလထဲမှာ ဗုံးပေါက်ကွဲခဲ့တာ ၁၀ ကြိမ်နီးပါး ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။

ဧရာ၀တီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်အတွင်း ကျေးရွာအုပ်စုတိုင်း တရွာကို ငွေ ၃ သိန်း စစ်ကောင်စီက ကောက်ခံဖို့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေကို အောက်တိုဘာလဆန်းပိုင်းက  မှာကြားထားတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး တဦးက DVB ကိုပြောပါတယ်။   

“ရွာတိုင်းကို ကောက်ခိုင်းတာ၊ ဘာလုပ်ဖို့ဆိုတာ သေချာမပြောဘူး။ ကျေးရွာအုပ်ချုပ်ရေးမှူးတွေအနေနဲ့ တာဝန်ခံပြီး ကောက်ပေးရမယ် မပေးတဲ့အိမ်ကို စာရင်းပြန်တင်ပြရမယ်ပေါ့။ အဲဒါမျိုးကောက်ခံနေတာ” လို့ ပြောပါတယ်။

ကန်ကြီးထောင့်မြို့နယ်ထဲက ကျေးရွာတွေကို ကိုဗစ်ကာလမှာလည်း အောက်စီဂျင်စက်ရုံဆောက်ဖို့အတွက် တရွာကို ၁ သိန်းနှုန်းကောက်ခံခဲ့ဖူးတယ်လို့ ဆိုပါတယ်။ 

ကန်ကြီးထောင့်မြို့နယ် စစ်ဆေးရေးဂိတ်တွေမှာလည်း ပိတ်ဆို့စစ်ဆေးပြီး ငွေကြေး တောင်းခံနေသလို ကုန်တင်ကားတွေကိုလည်း ဆက်ကြေးပုံစံ ငွေကြေးတောင်းခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဒါ့ပြင် ကျေးရွာတွေကို စစ်ကြောင်းနဲ့ဝင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကိုဝ င်ရှာတဲ့အခါမှာလည်း အင်အားအများအပြားနဲ့ဝင်ရောက်ပြီး ဒေသခံပြည်သူတွေရဲ့ အိမ်မွေးတိရစ္ဆာန်တွေကို လုယူသွားလေ့ရှိတယ်လို့ သိရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular