မွန်ပြည်နယ်က NLD ပါတီ မြို့နယ်ရုံး ၃ ရုံး ဗုံးခွဲဖျက်ဆီးခံရ

မွန်ပြည်နယ်ရှိ ကျိုက်ထို၊ ဘီးလင်းနဲ့ သထုံမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ မြို့နယ်ရုံး ၃ ရုံးဟာ အောက်တိုဘာ ၂၃ ရက်နေ့ ညတညတည်းမှာပဲ ဗုံးခွဲဖျက်ဆီးခံလိုက်ရတယ်လို့ ပါတီတာဝန်ရှိသူတွေက DVB ကို ပြောပါတယ်။
သထုံမြို့၊ လိပ်အင်းရပ်ကွက်က NLD ပါတီမြို့နယ်ရုံးဟာ ည ၁၁ နာရီလောက် ဗုံးခွဲဖျက်ဆီး ခံလိုက်ရပြီး ရုံးအဆောက်အအုံတခုလုံးနီးပါး ထိခိုက်ပျက်စီးသွားခဲ့တာပါ။
ဒါ့အပြင် ဘီးလင်းမြို့၊ ဆရာစံရပ်ကွက်က NLD ပါတီမြို့နယ်ရုံးဟာ ည ၁၁ နာရီခွဲအချိန်လောက် ဗုံးခွဲဖျက်ဆီးခံလိုက်ရသလို ရုံးရဲ့ အဆောက်အအုံအရှေ့ပိုင်း ပြိုကျပျက်စီးသွားပါတယ်။
ကျိုက်ထိုမြို့ ကော့စံနိုင်ရပ်ကွက်က NLD ပါတီမြို့နယ်ရုံးဟာ ည ၁၂ နာရီလောက် ဗုံးခွဲ ဖျက်ဆီးခံခဲ့ရပြီး ရုံးရဲ့ မှန်တံခါး၊ ခြံစည်းရိုးနဲ့ ပါတီဆိုင်းဘုတ်တွေ ထိခိုက်ပျက်စီးသွားပါတယ်။
ကျိုက်ထို၊ ဘီးလင်းနဲ့ သထုံမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ မြို့နယ်ရုံး ၃ ရုံး ဗုံးခွဲဖျက်ဆီးခံခဲ့ရပေမဲ့ လူထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ကျိုက်ထို NLD ပါတီ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
NLD ပါတီရုံး ဗုံးခွဲဖျက်ဆီးတာဟာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တို့ လုပ်ဆောင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့ကလည်း ထားဝယ်ခရိုင် NLD ပါတီရုံး ဗုံးခွဲဖျက်ဆီးခံခဲ့ရပြီး အဆောက်အအုံတစ်ခုလုံး ပြိုကျပျက်စီးသွားပါတယ်။