အနောက်နိုင်ငံက သံအမတ် ၁၀ ဦးကို နှင်ထုတ်ရန် တူရကီသမ္မတ အမိန့်ပေး

အနောက်နိုင်ငံတွေက သံအမတ်ကြီး ဆယ်ယောက်ကို နှင်ထုတ်ဖို့ တူရကီ သမ္မတ တေယစ် အာဒိုဂံက နိုင်ငံခြားရေးဝန်ကြီးဌာနကို အမိန့်ပေးခဲ့တယ်လို့ ရိုက်တာသတင်းဌာနက အောက်တိုဘာ ၂၃ ရက်မှာ ဖော်ပြပါတယ်။
ပရဟိတသမား အိုစမန် ကာဗာလာကို လွှတ်ပေးဖို့ ဆော်ဩခဲ့တဲ့အတွက် လက်မခံနိုင်တဲ့ လူတွေ အဖြစ် ကြေညာခိုင်းခဲ့တာလည်း ဖြစ်ပါတယ်။
ကာဗာလာဟာ ၂၀၁၃ ခုနှစ်က ပြည်လုံးကျွတ် ဆန္ဒပြပွဲအတွက် ဘဏ္ဍာငွေထောက်ပံ့မှု ၊ ၂၀၁၆ က မအောင်မြင်တဲ့ အာဏာသိမ်းမှုအတွင်း ပါဝင်ပတ်သက်မှု စွဲချက်နဲ့ ထောင်ကျနေတာ လေးနှစ် ရှိပါပြီ။
ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ နော်ဝေ၊ ဆွီဒင်၊ ဖင်လန်၊ နယူးဇီလန်နဲ့ အမေရိကန်နိုင်ငံတွေက သံအမတ်ကြီးတွေဟာ ကာဗာလာရဲ့ အမှုနဲ့ ပတ်သက်လို့ တရားမျှတ မြန်ဆန်တဲ့အဖြေကို ပေးဖို့နဲ့ အမြန်ပြန်လွှတ်ပေးဖို့ အောက်တိုဘာ ၁၈ ရက်က ပူးတွဲကြေညာချက် ထုတ်ပြန် တောင်းဆိုခဲ့ကြပါတယ်။
ကြေညာချက်က တာဝန်မဲ့တယ်လို့ ပြောရင်း တူရကီနိုင်ငံခြားရေး ဝန်ကြီးက သံအမတ်ကြီးတွေကို ဆင့်ခေါ် ခဲ့ကြပါတယ်။
သံအမတ်ကြီး ဆယ်ယောက်ကို လက်မခံနိုင်တဲ့ လူတွေအဖြစ် ကြေညာဖို့ တူရကီနိုင်ငံခြားရေး ဝန်ကြီးဌာနကို လိုအပ်တဲ့ အမိန့်ပေးခဲ့တယ်လို့ တူရကီ အနောက်မြောက်ပိုင်း အီစကီရှီဗ်လီမြို့က မိန့်ခွန်းအတွင်း အာဒိုဂံက ပြောပါတယ်။
ဒီအရေးနဲ့ ပတ်သက်ပြီး အမေရိကန်၊ ဂျာမနီနဲ့ ပြင်သစ် သံရုံးတွေ၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ သမ္မတ အိမ်ဖြူတော်တို့ဆီ မှတ်ချက်ပေးဖို့ တောင်းခံခဲ့ပေမယ့် ချက်ချင်း မတုံ့ပြန်သေးပါဘူး။