ခင်ဦးမြို့နယ်တွင် ပျူစောထီးသင်တန်းမတက်သည့် ရွာသားများ၏နေအိမ်ကို စစ်တပ်က မီးရှို့

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရွာသစ်ကျေးရွာမှာ အောက်တိုဘာ ၂၃ ရက် ညနေပိုင်းက ရွာသူရွာသားတွေ ပျူစောထီးသင်တန်း မတက်လို့ဆိုပြီး  စစ်တပ်ကရွာကို မီးရှို့နေတယ်လို့  ဒေသခံတွေက ပြောပါတယ်။

ဒေသခံရွာသားတစ်ဦးက “၁၉ ရက်နေ့ကစပြီး ပျူစောထီးသင်တန်း လာဖွင့်တာ။ သင်တန်းသားစာရင်း ပေးထားတာက ဦးရေ သုံးဆယ်။ ဆယ်ယောက်ပဲ သင်တန်းတက်ပြီး၊ ကျန်တဲ့ နှစ်ဆယ်က ပျူစောထီးသင်တန်းမတက်ဘဲ ထွက်ပြေးကြတယ်။ ထွက်ပြေးတဲ့သူတွေရဲ့ နေအိမ် ခြောက်လုံးကို မီးရှို့တယ်။ အခုတော့ အားလုံး ထွက်ပြေးနေကြတော့ ဘယ်သူမှ မီးမငြှိမ်းနိုင်ဘူး။ တရွာလုံး ကူးလောင်သွားမှာ စိုးရိမ်ရတယ်” လို့ ပြောပါတယ်။

ဒီပဲယင်းနဲ့ ရေဦး မြို့နယ်က  ပျူစောထီး ၂၀ နဲ့ စစ်ကောင်စီတပ်ကအင်အား ၂၀ လောက်ဟာ  ရွာသစ်ရွာကို အောက်တိုဘာ ၁၉ ရက်ကတည်းက လာရောက်ပြီး  ပျူစောထီးသင်တန်းလာပေးနေတာဖြစ်ပြီး  သင်တန်း လာပေးသူ ၄၀ လောက်ကို  တစ်အိမ် ကျပ် ၂၀၀၀၀ ကောက်ခံ  ချက်ပြုတ်ကျွေးနေရတာလည်း ဖြစ်ပါတယ်။

အဆိုပါအဖွဲ့ဟာ မနေ့ကစပြီးသင်တန်းမပေးဘဲ အနီးနားရွာတွေကိုပတ်မွှေကြကာ  ဒီနေ့ညနေပိုင်းမှာတော့ သင်တန်းမတက်သူတွေရဲ့နေအိမ်တွေကို စတင်မီးရှို့ခဲ့တာဖြစ်ပါတယ်။

ဒီညနေ ၄ နာရီလောက်က ရှို့တာ အခုချိန်အထိလောင်နေဆဲဖြစ်ပြီး  နေအိမ်  ၃၀ လောက် မီးထဲပါသွားပြီလို့လည်း  သတင်းရရှိပါတယ်။ 

တရွာလုံးမီးကူးကုန်မှာစိုးရိမ်နေကြပေမယ့် ရွာပြန်ပြီး မီးပြန်ငြှိမ်းရင်  ပစ်သတ်ခံရမှာ စိုးရိမ်တယ်လို့ ရွာသားတွေက ပြောပါတယ်။

More News
Up