စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့၊ ဗုဒ္ဓပြတိုက်အနီးမှာ မြောက်ရွာရှည်ကနေ ဘုတလင်မြို့ပေါ် ဆီကြိတ်လာတဲ့လူငယ် တယောက်ကို ဘုတလင်မြို့မရဲစခန်းက အောက်တိုဘာ ၂၂ ရက်က ဖမ်းဆီးပြီး ငွေကြေးနဲ့ လာရွေးယူခိုင်းခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဖမ်းဆီးခံရသူနဲ့ ဆွေမျိုးတော်စပ်သူတစ်ဦးက “ဆီစက်ကို ဆီကြိတ်လာတဲ့သူဗျ။ အမည်က မောင်ဆန်းကိုဝင်းပါ။ ဘာကြောင့်ဖမ်းတာဆိုတော့ ငွေလိုချင်လို့ပဲပြောရမယ်ဗျ။ ဘာလို့ အဲဒီလိုပြောနိုင်တာလဲဆို အဲကလေးက ဘာနိုင်ငံရေးမှ လုပ်တဲ့ကလေးမှ မဟုတ်တာ။ အခုဟာကြီးက သက်သက်မဲ့ ငွေတောင်းယူတာပဲ။ မနေ့က ဖမ်းတာ။ ကလေးမိဘတွေ နောက်ကလိုက်ကြတော့ ငွေကျပ် နှစ်သိန်းခွဲပေးမှ လွှတ်နိုင်မယ်ပြောတယ်။ ကျနော်တို့ဘက်ကလည်း စီးပွားရေး အဆင်မပြေတာကြောင့် နှစ်သိန်းနဲ့ တောင်းတောင်းပန်ပန်သနား ခံထုတ်ခဲ့ရတယ်” လို ပြောပါတယ်။
စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီရဲ့တပ်တွေနဲ့ ရဲတွေဟာ အခုလို အပြစ်မဲ့ပြည်သူတွေ ဖမ်းဆီးပြီး အကြောင်းအမျိုးမျိုးပြကာ ငွေကြေးတောင်းယူမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။