ထိုင်ဝမ်အရေး ပြည်ပဝင်စွက်မှုအားလုံးကို တရုတ်က ဆန့်ကျင်ကန့်ကွက်မည်

ထိုင်ဝမ်လွတ်လပ်ရေးကို လိုလားတဲ့ ခွဲထွက်ရေးလှုပ်ရှားမှုအပါအဝင် တရုတ်-ထိုင်ဝမ်ရေလက်ကြား အရေးကိစ္စတွေမှာ နိုင်ငံခြားစွက်ဖက်မှု မှန်သမျှကို တရုတ်က လုံးဝဆန့်ကျင် ကန့်ကွက်တယ်လို့ နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝေါင်ဝန်ဘင်က အောက်တိုဘာ ၂၂ ရက်က ပြောကြားခဲ့ပါတယ်။
အမေရိကန်ဟာ ထိုင်ဝမ်ကို ကာကွယ်ဖို့ ကတိကဝတ် ရှိထားတယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က မကြာသေးမီက ပြောကြားခဲ့အပေါ် ပေကျင်းမြို့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ တရုတ်ပြောရေးဆိုခွင့်ရှိသူက တုံ့ပြန်ပြောဆိုလိုက်တာပါ။
ထိုင်ဝမ်ဟာ တရုတ်ပိုင်နက်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ထိုင်ဝမ်ပြဿနာဟာ နိုင်ငံခြားရေး ၀င်ရောက်စွက်ဖက်မှုကို ခွင့်မပြုတဲ့ တရုတ်ပြည်တွင်းရေး သက်သက်သာဖြစ်တယ်လို့ ဝေါင်ဝန်ဘင်က ပြောပါတယ်။
တရုတ်ရဲ့ အချုပ်အခြာအာဏာ၊ နယ်မြေတည်တံ့ခိုင်မြဲရေးနဲ့ တခြားအဓိကအကျိုးစီးပွားတွေအပေါ် ဦးတည်နေတဲ့ ကိစ္စရပ်တွေမှာ တရုတ်ဆီက ဘယ်လိုအပေးအယူ၊ ဘယ်လို သဘောတူညီချက်မျိုး ကိုမှ မျှော်လင့်မနေနဲ့လို့လည်း ဆိုပါတယ်။
သူတို့ရဲ့အမျိုးသားအချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုတို့ကို ကာကွယ်မယ့် တရုတ်လူမျိုးတွေ ရဲ့ ဆုံးဖြတ်ချက်၊ ဆန္ဒနဲ့စွမ်းရည်ကို ဘယ်သူမှလျှော့မတွက်သင့်ဘူးလို့လည်း ဆိုပါတယ်။ လူဦးရေ ၁ ဒသမ ၄ ဘီလီယံနဲ့ ဆန့်ကျင်ဘက်မလုပ်နဲ့လို့လည်း တရုတ်က အမေရိကန်ကို သတိပေး ပြော ဆိုပါတယ်။