မက္ကဆီကို ကမ်းခြေအပန်းဖြေစခန်း ပစ်ခတ်မှုအတွင်း နိုင်ငံခြားသား ၂ ဦး သေဆုံး

မက္ကဆီကိုနိုင်ငံအရှေ့တောင်ပိုင်းရှိ ကာရစ်ဘီယံကမ်းခြေ တူလမ်အပန်းဖြေစခန်းမှာ အောက်တိုဘာ ၂၀ ရက်က စားသောက်ဆိုင်တဆိုင်ရဲ့အပြင်ဘက်မှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး နိုင်ငံခြားခရီးသွား အမျိုးသမီး နှစ်ယောက် သေနတ်ပစ်ခံရပြီး သေဆုံးခဲ့ပါတယ်။
ကွင်တာနာရိုးပြည်နယ်ရှေ့နေချုပ်ရဲ့အဆိုအရ ဒီပစ်ခတ်မှုဟာ မူးယစ်ဆေးဝါးနဲ့ ဆက်နွှယ်နေတဲ့ ရာဇ၀တ်အုပ်စုတွေအကြား ထိပ်တိုက်တွေ့မှုရဲ့တစိတ်တပိုင်းဖြစ်တယ်လို့ ဆိုပါတယ်။
ဒီပစ်ခတ်မှုကြောင့် ဂျာမနီမှ အမျိုးသမီးတယောက်နဲ့ အိန္ဒိယမှ တခြားအမျိုးသမီးတယောက်တို့ သေဆုံးခဲ့ပြီး ဂျာမနီနဲ့ နယ်သာလန်မှ တခြားခရီးသွား သုံးယောက် ဒဏ်ရာ ရရှိခဲ့ပါတယ်။
ပစ်ခတ်မှုစတင်ချိန်မှာ ခရီးသွားဧည့်သည်တွေဟာ စားသောက်ဆိုင်ရဲ့အပြင်ဘက်စားပွဲတွေမှာ စားသောက်နေကြပြီး နှစ်ဖက်ပစ်ခတ်မှုတွေကြားမှာ ထိမှန်ခဲ့ကြတယ်လို့ ရဲမှတ်တမ်းတွေက ညွှန်ပြ နေပါတယ်။
ဒဏ်ရာရ တိုးရစ်တွေကို ဒေသခံဆေးရုံတစ်ခုမှာကုသပေးနေပါတယ်။ ဂျာမနီနိုင်ငံခြားရေး ၀န်ကြီးဌာနက မက္ကဆီကို ကို လာရောက်လည်ပတ်တဲ့ သူ့နိုင်ငံသားတွေအတွက် ခရီးသွား သတိပေးချက် ထုတ်ပြန်ထားပါတယ်။
ကွင်တာနာရိုးပြည်နယ် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနဟာ ပြည်နယ်အတွင်း ရာဇ၀တ်မှုဆိုင်ရာ အဖွဲ့အစည်းခြောက်ခုကို ဖော်ထုတ်ခဲ့ပြီး မက္ကဆီကိုနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးစနစ်မှ ကိန်းဂဏန်း တွေအရ ၂၀၂၁ ခုနှစ် ဇန်နဝါရီမှ စက်တင်ဘာလအထိ ပြည်နယ်အတွင်း မူးယစ်ဆေးဝါးနဲ့ ဆက်နွှယ်တဲ့ရာဇ၀တ်မှုပေါင်း ၈၆၄ မှု ဖြစ်ပွားခဲ့တယ်လို့ မှတ်တမ်းရှိထားပါတယ်။