မသန်စွမ်း မြားပစ်အားကစားသမားများ စခန်းသွင်း လေ့ကျင့်

မောင်လူငယ် မသန်စွမ်း မြားပစ် အားကစားသမားတွေနဲ့ အုပ်ချုပ်သူတွေဟာ နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိ မြားပစ်အားကစားကွင်းမှာ စခန်းသွင်း လေ့ကျင့်နေပါတယ်။ မသန်စွမ်း မြားပစ် အားကစားသမားတွေရဲ့ ဆက်ဆံရေးအရာရှိ ဦးနိန်လိန်ထန်းက “မသန်စွမ်း ကစားသမားတွေကတော့ အားလုံးပေါင်းရင် ၄၁ ဦးပါ။ နေပြည်တော်က မြားပစ်အားကစားကွင်းမှာ စခန်းသွင်းလေ့ကျင့်နေပါတယ်။ မြားပစ် အားကစားနည်း Recurve နဲ့ Compound ဆိုပြီး ၂ မျိုး ရှိပါတယ်။ ပွဲစဉ်တွေကတော့ ၇ ပွဲ ရှိပါတယ်။ ကျား ၅ ပွဲ ၊ မ ၂ ပွဲ ပါ။ မြန်မာမှာ အမျိုးသမီး ကစားသမားမရှိပါဘူး” လို့ ဆိုပါတယ်။ Para Gamesမြန်မာနိုင်ငံက မသန်စွမ်း မြားပစ်ကစားသမားတွေအနေနဲ့ မြားပစ်အားကစားနည်းမှာ လုံးဝအတွေ့အကြုံမရှိကြဘူးလို့ ဦးနိန်လိန်ထန်းက ပြောပါတယ်။ “အမှန်တကယ်တော့ မြန်မာ မသန်စွမ်းမြားပစ်ကစားသမားတွေမှာ လုံးဝ အတွေ့အကြုံ မရှိပါဘူး။ အခြားနိုင်ငံက ကစားသမားတွေက အတွေ့အကြုံ ရှိပြီးသားပါ။ ဒါတော့ နည်းပြပဲ ပိုသိပါလိမ့်မယ်။” အမျိုးသား မသန်စွမ်းမြားပစ် အားကစားပြိုင်ပွဲ Event ၅ ခုမှာ အိမ်ရှင် မြန်မာနိုင်ငံက ၄ ခု ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။ ဒါ့အပြင် မသန်စွမ်းအားကစားသမားတွေဟာ အစိုးရက အသိအမှတ်ပြုမှုနဲ့ ထောက်ပံ့မှုတွေ အားနည်းနေလို့ စိတ်ဓာတ်ကျနေကြပြီး နိုင်ငံကိုယ်စားပြု ကစားသမားချင်းအတူတူ တခြား သန်စွမ်းတဲ့ ကစားသမားတွေလို အခွင့်အရေး တန်းတူ ရလိုကြတယ်လို့ မသန်စွမ်း အားကစားသမားတွေက ပြောပါတယ်။ အားကစားကွင်းတွေဟာလည်း စတင်တည်ဆောက်ကတည်းက မသန်စွမ်း ကစားသမားတွေအတွက် ထည့်သွင်းစဉ်းစား တည်ဆောက်ထားတာမျိုး မဟုတ်လို့ ပြိုင်ပွဲဝင်မယ့် အားကစားသမားတွေအတွက် အခက်အခဲတွေလည်း ရှိနေတယ်လို့လည်း မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ လုပ်ငန်းဆောင်ရွက်ရေး ဒါရိုက်တာ ဦးအောင်ကိုမြင့်က ပြောပါတယ်။ လာမယ့် ၂၀၁၄ ဇန်န၀ါရီ ၁၄ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ကျင်းပ ပြုလုပ်မယ့် မသန်စွမ်း အားကစားပြိုင်ပွဲ ဖြစ်တဲ့ အာဆီယံ ပါရာဂိမ်းပြိုင်ပွဲကို နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိအားကစားကွင်းမှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ မြားပစ်ပြိုင်ပွဲကို ဇန်န၀ါရီ ၁၅ ကနေ ၁၈ ရက်ထိ ကျင်းပမှာ ဖြစ်ပြီး လာရောက် ယှဉ်ပြိုင်မယ့် အာဆီယံနိုင်ငံတွေကတော့ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ အိမ်ရှင် မြန်မာနိုင်ငံတို့ ဖြစ်ပါတယ်။ ကစားသမားတွေနဲ့ အုပ်ချုပ်သူတွေကို နေပြည်တော်က Gold Camp မှာ စခန်းသွင်းလေ့ကျင့်တာတွေအပါအ၀င် နေထိုင်စားသောက်ရေးပါ စီစဉ်ပေးထားပါတယ်။ အာဆီယံပါရာဂိမ်းပြိုင်ပွဲမှာ အားကစားနည်း ၁၂ မျိုး ထည့်သွင်း ကျင်းပမှာ ဖြစ်ပြီး အာဆီယံ ၁၁ နိုင်ငံက မသန်စွမ်း အားကစားသမား ၁၁၁၃ ကျော် ၀င်ရောက် ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။ မသန်စွမ်းသူတွေအတွက် ပထမဆုံး ပါရာဂိမ်းပြိုင်ပွဲကို မလေးရှားနိုင်ငံမှာ ၂၀၀၁ ခုနှစ်က ပထမဆုံးအကြိမ် ကျင်းပ ပြုလုပ်ခဲ့ပြီး ၇ ကြိမ်မြောက် ပါရာဂိမ်းပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up