မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က ပြည်သူတယောက်ရဲ့ နေအိမ်ကို အောက်တိုဘာ ၂၂ ရက်နေ့က ဝင်ရောက် အိမ်ရှင်မိသားစုကို ရိုက်နှက်ပြီး ငွေတွေ ဓားပြတိုက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်ဆည်လေးရွာက ရွာသားတယောက်ဆီကနေ မနေ့ညပိုင်းက ငွေကျပ် ၃ သိန်းကို ဓားပြတိုက်သွားခဲ့တာပါ။
ဒေသခံတယောက်က “မတ္တရာ မန္တလေးလမ်းဘေး မြင့်ကုမ္ပဏီဘက်ကနေပြီး ကားတစီး၊ ဆိုင်ကယ် ၈ စီးနဲ့ ရွာကို ရောက်လာတယ်။ ရှပ်တားဘောင်အောက်က ကိုမောင်မြင့်အိမ်ကို ဝင်ပြီး ဝါ ရောင်းရငွေ ၃ သိန်းကို ယူသွားတယ်။ ကိုမောင်မြင့်ရဲ့ သမက်ကိုလည်း ရိုက်နှက်ခဲ့တယ်” လို့ ပြောပါတယ်။
ဓားပြတိုက်ခံရတဲ့ အိမ်ဟာ နိုင်ငံရေးနဲ့ပတ်သက်တာမရှိဘဲ ဝါစိုက်ပျိုးတဲ့ လုပ်ငန်း လုပ်ကိုင်ကြသူတွေဖြစ်ပြီး ဝါပေါ်ချိန်(ဝါရောင်း)တာကို သတင်းရလို့ လာပြီး ဓားပြတိုက်သွားတာလို့ပဲ ထင်တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
စစ်ကောင်စီတပ်တွေက ည ၈ နာရီကျော်လောက်က လာရောက်ခဲ့ကြတာဖြစ်ပြီး ဖမ်းဆီးတာတော့ မရှိဘဲ ငွေတွေယူပြီးနောက် စစ်သားတွေ ပြန်သွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။