တရုတ်နိုင်ငံက ဝယ်ယူထားတဲ့ Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေး ၄ သန်း ပဉ္စမအသုတ်အနေနဲ့ ထပ်မံရောက်ရှိလာခဲ့တယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၂ ရက်က ထုတ်ပြန်ပါတယ်။
အဆိုပါ ထုတ်ပြန်ချက်ထဲမှာတော့ တရုတ်နိုင်ငံကနေ မြန်မာအစိုးရက ကာကွယ်ဆေး အကြိမ်ရေ ၂၄ သန်း စာချုပ်ချုပ်ဆို ဝယ်ယူထားခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ၅ သုတ်ခွဲကာ စုစုပေါင်းသန်း ၂၀ ပို့ဆောင်ရောက်ရှိပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာတော့ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူပေါင်း ၄ သိန်း ၉ သောင်း ကျော်နဲ့ သေဆုံးသူ ၁၈,၀၀၀ ကျော်ထိ ရှိလာနေပြီလို့လည်း သိရပါတယ်။
ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှုတိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။
မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်ကောင်စီက မတရားအာဏာသိမ်းယူထားခဲ့တာ ၈ လခွဲ ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်း နေခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံတဝန်း ကာကွယ်ဆေးထိုးနှံပြီးသူ အရေအတွက်ဟာ ၁၂ သန်း ကျော်ရှိခဲ့ပြီလို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပေမဲ့ ပြည် သူတွေကြားမှာတော့ အကြမ်းဖက်စစ်ကောင်စီကို မယုံကြည်ကြတာမို့ ကာကွယ်ဆေး သွားရောက်ထိုးနှံသူ အရေအတွက်ဟာ နည်းပါးတယ်လို့ သိရပါတယ်။