မိုးမောက်တွင် ကေအိုင်အေနှင့်စစ်ကောင်စီတပ် တိုက်ပွဲဖြစ်၊ လမ်းအချို့ပိတ်ထား

ကချင်ပြည်နယ် မိုးမောက်မြို့နယ်အထွက် ဝဝမ်တောင်ကြောဘက်မှာ ကေအိုင်အေနဲ့ စစ်ကောင်စီတပ်တို့ အောက်တိုဘာ ၂၂ ရက်နေ့ မနက် ၆ နာရီကျော်လောက်ကနေ ညအထိ  တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံရွာသားတစ်ဦးက “လက်နက်ကြီး၊ လက်နက်ငယ်သံတွေ ဝဝမ်ဘက်မှာဖြစ်နေကြတာ ကြားနေရတယ်၊ လူအသေအပျောက်တော့ မသိရဘူး။ ကိုဗစ်ကာကွယ်ဆေး ထိုးမလို့ သွားဖို့ရာတောင် စစ်ကောင်စီတပ်က ကျောက်စခန်းလမ်းနဲ့ မိုးမောက်ဘက်လမ်းမှာ ဖြတ်သန်းသွားလာခွင့်ပိတ်ထားတယ်” လို့ ပြောပါတယ်။

လွယ်ဂျယ်ဘက်သွားဖို့ တိုက်ပွဲကြောင့် လမ်းတွေပိတ်ထားတဲ့အတွက် ခရီးသည်တွေကို အောက်လမ်းကသွားမယ့် ကားတွေကို ပေးလိုက်ရတယ်လို့ လွယ်ဂျယ်-ဗန်းမော် ခရီးသည်တင် ယာဉ်မောင်းတဦးက ပြောပါတယ်။

“ကျနော်တို့က လွယ်ဂျယ်တက်မလို့ စောစောထွက်လာတာ ခရီးသည်တွေလည်းပါတယ်၊ မိုးမောက်ဘက်ရောက်တော့ တိုက်ပွဲဖြစ်နေတော့ လမ်းပိတ်ထားလို့ မိုးမောက်မြို့ထဲမှာပဲ ထားရတယ်။ နေ့လယ်ပိုင်းအထိဖြစ်နေတော့ ခရီးသည်တွေကို သူများ ပေးလိုက်ရတယ်၊ အောက်လမ်းက သွားတယ်လို့ပြောတယ်။ မြို့သစ်ဘက်မှာလည်း ၉ နာရီကျော်လောက်ကနေ ဂိတ်ပိတ်ထားတယ်။”

တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အ) ကို ဆက်သွယ်မေးမြန်းရာမှာ တိုက်ပွဲဖြစ်စဉ် မှန်ကန်ကြောင်း၊ စစ်ကောင်စီဘက်က ရမ်းသမ်းပစ်ခတ်တာတွေ ပိုလုပ်နေပြီး ၆ နာရီလောက်ထိ ပစ်ခတ်နေကြဆဲဖြစ်ပြီး အ သေးစိတ်အခြေအနေတော့ ပြောမရသေးဘူးလို့ ဆိုပါတယ်။

တိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်ဒဏ်ရာမှု အခြေအနေကိုတော့ မသိရသေးဘဲ ဒီဗွီဘီက စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါတယ်။

မိုးမောက်မြို့နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဗုံးပေါက်ကွဲတာနဲ့ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂၁ ရက်နေ့ည ၆ နာရီလောက်ကလည်း မိုးမောက်မြို့၊ ခါနန်ရပ်ကွက်အတွင်း နေထိုင်တဲ့ စစ်ကောင်စီတပ်က တပ်ကြပ်ကြီး တင့်ဆွေဦးနဲ့ ယောက်ဖဖြစ်သူတို့အား အမည်မသိအဖွဲ့က သေနတ်ထောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

More News
Up