အခမဲ့မူလတန်းစနစ်ရုပ်သိမ်းလိုက်သဖြင့် ကွန်ဂိုလွှတ်တော်ကို ကျောင်းသားများ ဝင်ရောက်ဆန္ဒပြ

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ ကွန်ဂိုပါလီမန်လွှတ်တော်ကို ရာနဲ့ချီတဲ့ ကျောင်းသားကလေးတွေ အောက်တိုဘာ ၂၁ ရက်က ၀င်ရောက်စီးနင်းဆန္ဒပြခဲ့ကြပါတယ်။
အစိုးရရဲ့ အခမဲ့မူလတန်းပညာရေးအစီအစဉ်ကို ရုပ်သိမ်းတာနဲ့ ပတ်သက်ပြီး မဖြေရှင်းနိုင်တဲ့ ပြဿနာတွေအပေါ် ကျောင်းဆရာတွေရဲ့သပိတ်မှောက်မှု ဖြစ်နေတဲ့အကြားမှာ ခုလို ပါလီမန်လွှတ်တော်ကို ဝင်စီးနင်းမှု ထပ်ဖြစ်ခဲ့တာပါ။
ကွန်ဂိုဆရာများသမဂ္ဂရဲ့အဆိုအရ ကျောင်းဆရာတွေဟာ လစာ၊ ဘောနပ်စ်ဆုကြေးနဲ့ အငြိမ်းစားယူ တဲ့ အသက်အရွယ် အပါအဝင် ပြဿနာပေါင်းများစွာအတွက် အောက်တိုဘာ ၄ ရက် စာသင်နှစ်အစမှာ ဆန္ဒပြခဲ့ကြတာလို့ဆိုပါတယ်။
မနေ့ကတော့ ကျောင်းယူနီဖောင်းတွေ ဝတ်ထားကြတဲ့ ရာနဲ့ချီတဲ့ ကျောင်းသားတွေ ဟာ လွှတ်တော်ထဲကို ဝင်ရောက်လာကြပြီးတော့ ကျနော်/ကျမတို့ စာသင်ချင်ပါတယ် လို့ ကြွေးကြော် အော်ဟစ်ကြပါတယ်။ သူတို့တွေကို ပါလီမန်ရဲ့ ပထမဆုံး ဒုတိယဥက္ကဋ္ဌက လက်ခံတွေ့ဆုံခဲ့ပါတယ်။
ကျောင်းတက်နေရမယ့်အချိန်မှာ မိဘတွေ၊ ကွန်ဂိုအစိုးရနဲ့ ဆရာတွေကြား နားလည်မှုလွဲမှားခြင်းရဲ့ သားကောင်ဖြစ်ရတာ ရှက်စရာပဲလို့ ပြောကြားပါတယ်။
သူတို့ရဲ့လူနေမှုဘဝတွေတိုးတက်ရေးကို တောင်းဆိုနေတဲ့ ကျောင်းဆရာတွေအနေနဲ့ ကျောင်းသားတွေကို အသုံးမချပဲ သူတို့ကိုယ်တိုင် တောင်းဆိုမှုလုပ်ရမယ်လို့လည်း ဆိုပါတယ်။
အသက် ၁၈ နှစ်အရွယ် ကျောင်းသား အီမာရော့ဒ် အီရာဇာကတော့ ဆရာတွေက သပိတ်မှောက်နေလို့ ကျောင်းမှာ စာမသင်ရတာ ၂ ပတ် ရှိနေပြီမို့လို့ ဒီကိုလာရောက်ရတာလို့ ပြောပါတယ်။
ဆရာတွေကို သင်ပေးခိုင်းတဲ့အခါမှာ သူတို့က နောက်နှစ်အထိ သင်ပေးမှာ မဟုတ်ဘူး လို့ပြောတာကြောင့် ကျနော်/ကျမတို့ စာမသင်ရတဲ့အကြောင်း အာဏာပိုင်တွေရှေ့မှာ လာတိုင်ကြားတာလို့ ပြောသွားပါတယ်။