စစ်အုပ်ချုပ်ရေးအလိုမရှိကြောင်း ဆူဒန်ပြည်သူများဆန္ဒပြ

ဆူဒန်နိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး စစ်အုပ်ချုပ်ရေးဖြစ်လာမှာကို ဆန့်ကျင် ကန့်ကွက်တဲ့အနေနဲ့ ဆူဒန်မြို့တော်နဲ့ တခြားမြို့တွေမှာ အောက်တိုဘာ ၂၁ ရက်က လူအုပ်ကြီးတွေ ဆန္ဒပြ ချီတက်ခဲ့ကြပါတယ်။
နိုင်ငံကို နှစ် ၃၀ ကြာ အုပ်ချုပ်ခဲ့တဲ့ သမ္မတ အိုမာ အယ်လ်-ဘာရှားကို လူသိများတဲ့ လူထုအုံကြွမှုကကနေ ၂၀၁၉ ခုနှစ်မှာ ဖယ်ရှားလိုက်ပြီးကတည်းက စစ်တပ်ဟာ အသွင်ကူးပြောင်းရေးအခွင့်အာဏာမှာ အရပ်သားပါတီတွေနဲ့ အာဏာခွဲဝေ ယူထားပါတယ်။
အရပ်သားပါတီတွေကို စီမံခန့်ခွဲမှု မှားယွင်းပြီး အာဏာကို လက်ဝါးကြီးအုပ်တယ်လို့ စစ်တပ်က စွပ်စွဲထားကာ ညွန့်ပေါင်းအဖွဲ့တွေနဲ့ နိုင်ငံရေးပါတီတွေဟာ စစ်တပ်နဲ့ သွားပေါင်းစည်းလိုက်ပြီး အစိုးရအဖွဲ့ကို ဖျက်သိမ်းဖို့ ကြိုးပမ်းနေပါတယ်။
ဒါဟာ အာဏာသိမ်းမှုဖြစ်လာနိုင်ပြီး စစ်တပ်ဟာ ထိန်းချုပ်နိုင်တဲ့ အစိုးရကို ဖွဲ့စည်းဖို့ ရည်မှန်းထားတာ ဖြစ်တယ်လို့ အရပ်ဘက်ခေါင်းဆောင်တွေက ပြောကြပါတယ်။
အောက်တိုဘာ ၂၁ ရက် နေ့လယ်ပိုင်းမှ စတင်ကာ နေဝင်ပြီးချိန်အထိ ဆက်လက်ချီတက်ကြတဲ့ ဆန္ဒပြပွဲဟာ စစ်အစိုးရကို ဖြုတ်ချခဲ့ပြီး ပါလီမန်ဒီမိုကရေစီခေတ်သို့ ဦးတည်ခဲ့တဲ့ ၁၉၆၄ ခုနှစ် အောက်တိုဘာလ တော်လှန်ရေး နှစ်ပတ်လည်နေ့မှာ ပြုလုပ်ခဲ့တာပါ။
ဒါဟာ ရပ်ကွက်အသေးလေးတွေမှာ ဆန္ဒပြပွဲတွေလုပ်တာ ရက်တွေ များလာပြီးနောက်မှာ မနေ့က အကြီးအကျယ် ဆန္ဒပြခဲ့ကြတာပါ။
အသွင်ကူးပြောင်းရေးကာလရဲ့ အကြီးမားဆုံး ဆန္ဒပြပွဲကြီးထဲမှာ လူတွေ ရာနဲ့ထောင်နဲ့ချီ ပါဝင်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ခန့်မှန်းပါတယ်။