ပုဂံဘုရားဖူးများအန္တရာယ်မဖြစ်စေရန် စေတီများအနီး‌ စကစတပ်များကိုမတိုက်ခိုက်ဟု PDF ပြော

မြန်မာပြည်အလယ်ပိုင်းက ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်တဲ့ မန္တလေးတိုင်း  ညောင်ဦး မြို့နယ်က ပုဂံဘုရားဖူး လာရောက်တဲ့ ခရီးသွားပြည်သူတွေ အန္တရာယ်မဖြစ်စေဖို့ ဘုရားစေတီတွေနားက စစ်ကောင်စီတပ်တွေကို တိုက်ခိုက်မှာမဟုတ်ဘူးလို့  ပုဂံညောင်ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

ပုဂံညောင်ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုမောင်မောင်က “ပုဂံဘုရားဖူးတွေ လာတာကို ကျနော်တို့ တော်လှန်ရေးအမြင်အနေနဲ့က ရှုတ်ချပါတယ်။ ဒါပေမဲ့ ဘုရားဖူးတွေလာမှ ကျနော်တို့မြို့က ချောင်လည်တဲ့အတွက် လာခြင်း၊ မလာခြင်းကို ဘာမှ ပြောစရာမရှိဘူး။ နောက်တစ်ခုက အဲဒီလိုလာတဲ့ ဧည့်သည်တွေနဲ့သူတို့နားမှာရှိတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဘုရားစေတီတွေရဲ့ဘေးတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို တိုက်ခိုက်သွားမှာ မဟုတ်ပါဘူး။ ဘုရားစေတီတွေနဲ့ ခရီးသွားပြည်သူတွေ ထိခိုက်မှာစိုးလို့ပါ'' လို့ ပြောပြပါတယ်။

ပုဂံညောင်ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကလည်း “ကျနော်တို့အဖွဲ့က ဒလန်တွေကို အရင်ဆုံးရှင်းသွားမယ်။ ဘုရား  စေတီတွေနဲ့ ဝေးတဲ့ စစ်ကောင်စီတပ်တွေကို အရင်ဆုံးရှင်းမယ်။ Mytel တာဝါတိုင်တွေကို ပစ်မှတ်ထားတယ်” လို့  ပြောပြပါတယ်။

ဘုရားဖူး ခရီးသွားတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ဝေးဝေးနေထိုင်ခြင်းဖြင့် ကူညီပေးဖို့လည်း တိုက်တွန်းထားပါတယ်။

ဒေသခံတဦးက “ပုဂံညောင်ဦးမြို့က ဘုရားဖူးပြည်သူတွေကို အားကိုးရတဲ့ မြို့ဖြစ်နေတယ်ဆိုတာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေက နားလည်သဘောပေါက်ပြီးသားပါ။ ပြည်သူထိခိုက်မယ့်အလုပ်ကို သူတို့မလုပ်ဘူးဆိုတာလည်း ယုံကြည်ပါတယ်” လို့ မှတ်ချက်ပြုပြောပြပါတယ်။

ကိုဗစ်-၁၉ စတင်ဖြစ်ပွားခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် မတ်လပိုင်းက စတင်ပြီး ခရီးသွားတွေ မရှိသလောက်နည်းပါးသွားတဲ့  ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို ၂၀၂၁ ခုနှစ် စက်တင်ဘာ လကုန်ပိုင်းမှာ ဘုရားဖူးခရီးသွားတွေ ပြန်လည်ဝင်ရောက်လာတာ ဖြစ်ပါတယ်။

More News
Up