တပ်သိမ်းမြေများ ပြန်ရရေး နောင်ချိုလယ်သမားများ ဆန္ဒပြ

ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်အတွင်းက တပ်သိမ်းလယ်ယာမြေတွေမှာ တရားဝင်ပြန်လည်စိုက်ပျိုးခွင့်ရရှိဖို့နဲ့ တရားစွဲဆိုခံထားရတဲ့ တောင်သူလယ်သမားတွေကို အမှုပိတ်သိမ်းပေးဖို့ ဒီနေ့ ဆန္ဒဖော်ထုတ်ပွဲပြုလုပ်ခဲ့ပါတယ်။ လယ်ယာမြေနဲ့ တောင်ယာမြေတွေကို အရင်စစ်အစိုးရလက်ထက်ကတည်းက သိမ်းဆည်းခဲ့တာဖြစ်ပါတယ်။ Naung Choလယ်သိမ်းခံရသူတွေနဲ့ တရားစွဲခံရတဲ့ တောင်သူတွေဟာ သက်ဆိုင်ရာတာဝန်ရှိသူတွေဆီကနေ တရားဝင်ဆန္ဒဖော်ထုတ်ခွင့်တောင်းဆိုပြီး ဒီနေ့မနက် ၉ နာရီကနေ ၁၀ နာရီအထိ ချီတက်လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။ ဆန္ဒပြရာမှာ ပါဝင်တဲ့ လယ်သမားတဦးက “ကျနော်တို့မြေ ကျနော်တို့ ပြန်ရချင်တယ်။ ကျနော်တို့ အဖေ၊ အမေလက်ထက်တွေတုန်းကတော့ မြေတွေကို ဘယ်အကွက် မင်းယူလိုက်ဆိုပြီး ပေးတယ်။ အခု ကျနော်တို့လက်ထက်မှာကျတော့ ဟိုကသိမ်း၊ ဒီကသိမ်း၊ အမြီးနုတ်၊ ခေါင်းနုတ်နဲ့ ဘာမှ မကျန်တော့ဘူး။ ကျနော်တို့ အခု ဖွတ်ကျားတောင်သူတွေ ဖြစ်နေပါတယ်” လို့ ပြောပါတယ်။ ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်တဲ့ အမျိုးသမီးတဦးကလည်း “အဓိက ဆန္ဒ ဖော်ထုတ်တာက တပ်ကို ဖော်ထုတ်တာပါ။ တပ်မှာ သိမ်းထားပြီး ပိုတဲ့မြေတွေ အများကြီးရှိပါတယ်။ ကျမတို့ အခုပြန်တောင်းတဲ့မြေတွေက တပ်နဲ့လည်း အလှမ်းဝေးတယ်၊ အမှန်တကယ်လည်း အသုံးမလိုဘူး၊ အဲဒါကြောင့် ပြန်တောင်းတာပါ” လို့ ပြောပါတယ်။ လယ်သိမ်းခံရပြီး တရားစွဲခံထားရတဲ့ ဒေသခံတောင်သူတဦးက “ကျမ ဒီနေရာမှာ စိုက်စားနေတာ အနှစ် ၄၀ ရှိပါပြီ။ ဘိုးဘွားမိဘ လက်ငုတ်ကို ကျမတို့က ပြန်ပြီး လုပ်စား ထိန်းသိမ်းနေတာပါ။ ဘယ်သူ့ကိုမှလည်း ပေါင်နှံ၊ ငှားရောင်း၊ ပေးကမ်းတာလည်း မလုပ်ခဲ့ဘူး။ အခုထိလည်း စိုက်ခင်း ရှိနေပါတယ်။ အဲဒါကို ကျူးကျော်တယ်လို့ တရားစွဲပါတယ်။ အခု ကျမတို့ကို တရားရုံး တင်ပါတယ်။ ဇန်န၀ါရီ ၈ ရက်နေ့မှာ ကျမတို့ တရားရုံးကို သွားရမယ်။” လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up